#LocalNews
Published - 28 Jan 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်လူနာသစ်(၂၄)ဦးအား ထပ်မံတွေ့ ရှိခဲ့သည့်အတွက် နယ်စပ်ဂိတ်များကို လက်ရှိကာလမှာ ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။

အဆိုပါ ကိုဗစ်လူနာသစ်များကို (ဇန်နဝါရီ ၂၇)ရက်တွင် ထပ်မံတွေ့ ရှိခဲ့ရခြင်းဖြစ်ပြီး တမူးမြို့ ရှိပြည်သူ့ဆေးရုံတွင် သံသယလူနာများအားစစ်ဆေးရာမှယခုလိုတွေ့ ရှိခဲ့ရခြင်းဖြစ်ပါတယ်။

"တမူးမြို့မှာ ဒီကနေ့ ကိုဗစ်လူနာ ၂၄ ယောက်ကို ထပ်တွေ့ ခဲ့ရပါတယ်။ အမျိုးသား(၆)ဦး၊ အမျိုးသမီး(၁၈)ဦးစုစုပေါင်း(၂၄)ဦးပေါ့။ ပြောရရင် မြို့မှာရှိတဲ့ သံသယလူနာတွေကို ကိုဗစ်စစ်တယ်၊ ဈေးတွေ ဆေးရုံတွေ စာသင်ကျောင်းတွေမှာစစ်ပေးတယ်။ အဲ့လိုစစ်ဆေးရင်းနဲ့ ကိုဗစ်အတည်ပြုလူနာတွေကို တွေ့ခဲရတာပေါ့။
ကူးစက်မှုများတယ်လို့ ပြောရင်ရပါတယ်။ အခုက ရာသီဥတုက ပြောင်းလဲတော့ ရောဂါတွေ့တဲ့သူများတယ်။ လက်ရှိမှာတော့ ရောဂါကာကွယ်ရေးတွေကို အဓိကထားပြီး ကျနော်တို့ လုပ်ပေးနေပါတယ်။ ရောဂါကူးစက်မှုနှုန်းတွေများနေတယ်ဆိုပေမယ့်၊ စိုးရိမ်စရာ အခြေအနေတော့မရှိပါဘူး။ ပိုးတွေ့တဲ့
သူတွေရဲ့ ရောဂါ လက္ခဏာကလည်း မပြင်းထန်ပါဘူး။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ယခုဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း တမူးမြို့ မှာ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ(၅၉)ဦးကို တွေ့ ရှိခဲ့ရတာပါ။ အဲ့ဒီလို တွေ့ ရှိပြီးနောက်ပိုင်း ၄ ရက်အကြာ ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်မှာ ကိုဗစ်အတည်ပြု လူနာသစ်(၂၄)ဦးကို ထပ်မံတွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။

"ဒီကနေ့မှာ ကိုဗစ်အတည်ပြုလူနာတွေရဲ့ ဓါတ်ခွဲနမူနာ(၅၀)ကို လေယာဉ်နဲ့ ရန်ကုန်ကို ပို့လိုက်ပါပြီ။ အဲ့ဒါကို
ပို့လိုက်ပြီ၊ အိုမီခရွန်ထပ်စစ်မယ်ပေါ့။ အခုမြို့မှာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်နေသလို နယ်စပ် ဝင်ထွက်ဂိတ်တွေ အကုန်လုံးကိုလည်းပိတ်ထားပါတယ်။နယ်စပ်ဂိတ်တွေ လမ်းတွေ ခရီးသည်တင်ကားတွေ အကုန်ပိတ်ထားပါတယ်။"လို့ ၎င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

ယခုတွေ့ ရှိခဲ့ရသည့် ကိုဗစ်လူနာများကို တမူးမြို့ ရှိ ပြည်သူ့ဆေးရုံနှင့် အ.ထ.က(၂)ကျောင်းတွင် ထားရှိပြီး ဆေးကုသမှုတွေကို ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မူလက တမူးပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာ ၂၉ ဦးရှိတာကြောင့် ယနေ့အထိ တမူးမြို့ မှာ ကိုဗစ်လူနာစုစုပေါင်း(၁၁၃)ဦး ရှိလာပြီဖြစ်ပါတယ်။

ဓါတ်ပုံ - တမူးဇွဲမာန်

ymg/kg
#Yangon_Media_Group