#LocalNews
Published- 28 Jan 2022


ပြင်ဦးလွင်မြို့နယ်တွင် ဇန်နဝါရီ ၂၄ ရက် ည ၉ နာရီခန့်ကငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်လမ်းဆုံ မြို့ရှောင်လမ်းတွင် ရေတံခွန်လမ်းမှ ပြင်ဦးလွင် မြို့ရှောင်လမ်းဘက်သို့ ဇော်ဌေး(ခ)အာကြီး မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၇ ဒသမ ၆၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်း
သိမ်းဆည်းရမိခဲ့ တယ်လို့သိရပါတယ်။

သတင်းကွင်းဆက်အရ ၂၅ ရက် ညနေ ၃ နာရီတွင် ပြင်ဦးလွင်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၂၂/၀)အနီးတွင် FUSO ၁၂ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအားတွေ့ရှိခြင်းမရှိဘဲ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၂ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၈၀ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား၂ ဒသမ ၂၈ သိန်း ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် ဖမ်းမိခဲ့​တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိ​တယ်လို့သိရပါတယ်။
ymg/hm

#Yangon_Media_Group