#LocalNews
Published -28 Jan 2022


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့် ချမ်းအေးသာစံ မြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင်တို့ကို သေနတ်များ နဲ့ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများနဲ့ငွေများ ဓားပြတိုက်၊ လုယက်မှုကို ဦးဆောင်ခဲ့တဲ့ ပွဲရုံပိုင်ရှင်တစ်ဦးနှင့်အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

၂အောက်တိုဘာလ ၁၇ ရက်နေ့ က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၃၄ လမ်းထောင့်၊ စက်မှု(၁)ဈေးတိုက်တန်း၊ အခန်းအမှတ်(D-3)ရှိ “မောသစ်”ရွှေဆိုင်အား အမျိုးသား ၄ ဦး (စိစစ်ဆဲ) က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်နဲ့ ပစ်ခတ်ကာ ဆိုင်အတွင်းရှိ မှန်ဘီဒိုအား ရိုက်ခွဲကာ ရွှေထည်ပစ္စည်းကာလတန်ဖိုး ၁၁၈၀ သိန်းခန့်ကို လုယက်ယူဆောင်သွားတာဖြစ်ပါတယ်။

ဒါ့အပြင်ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ချမ်းအေးသာစံမြို့နယ်ရှိ “ဝိန့်လီ”ရွှေဆိုင်ကို ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၆ ဦး ရောက်ရှိလာပြီး ပစ္စတိုသေနတ် ၂ လက်ဖြင့် ၅ ချက် ပစ်ဖောက်ကာ ရွှေရောင်းချတဲ့ ကောင်တာ ၇ ခုအား ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ရွှေထည်ပစ္စည်း ကာလလတန်ဖိုး ၁၅၀၀၀ သိန်းနဲ့
ရွှေလာရောက်ဝယ်သူထံမှ ငွေကျပ်၁၀သိန်း လုယက်ယူဆောင်သွားတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ကျူးလွန်သူများအားဖော်ထုတ် ဖမ်းဆီးရမိအထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းကာ စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ “ဝိန့်လီ” ရွှေဆိုင်အား ဝင်ရောက်ဓားပြတိုက်သူများနဲ့ ဆက်စပ်တဲ့ မသင်္ကာဖွယ်အချက်အလက်များရရှိခဲ့ပြီး မဟာအောင်မြေမြို့နယ် မြောင်ပွဲရုံပိုင်ရှင် သိန်းနိုင်ဦးရဲလ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ သိန်းနိုင်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ဇနီးဖြစ်သူ မစန်းစန်းဌေးအား စစ်ဆေးအတည်ပြုခဲ့ရာ သိန်းနိုင်ဦးသည်ညီဝမ်းကွဲတော်စပ်သူမောင်ဆန်(ခ)ဆန္ဒအောင်နှင့်အတူ ခရီးထွက်သွားကြောင်း သိရတာကြောင့် မောင်ဆန် (ခ)ဆန္ဒအောင်ငှါးရမ်းနေထိုင်တဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာမောင်ဆန်(ခ)ဆန္ဒအောင်မှာ တိမ်းရှောင်နေ ကာ နေအိမ်အတွင်းမှ “ဝိန့်လီ”ရွှေဆိုင် ဓားပြတိုက်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့တဲ့အဝတ်အထည်များတွေ့ရှိသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

ထပ်မံ၍ကွင်းဆက်ဖော်ထုတ်မှုအရဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူမြောင် မြို့နယ်တွင် ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချနေသူ ကိုမျိုး(ခ)မျိုးလင်းနိုင်ကိုဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိ စစ်ဆေးခဲ့ရာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်” ရွှေဆိုင်လုယက်မှုနဲ့ဒီဇင်ဘာလ ၁၈ ရက်နေ့ ချမ်းအေးသာစံမြို့နယ်၊ “ဝိန့်လီ” ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တို့မှာ ၎င်းကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ကြောင်းနဲ့ လုယက်မှုဖြစ်စဉ်များတွင် သိန်းနိုင်ဦး (ခ)မောင်သိန်း၊ မောင်ဆန်(ခ) ဆန္ဒအောင်၊ ထင်အောင်ကျော်၊ ဇော်ဇော်နိုင်၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုး၊ အငယ်လေး(ခ)အောင်ဖြိုးပိုင်၊ မောင်ဟိန်း(ခ)ဟိန်းကိုကို တို့(၇)ဦး ပါဝင်ကျူးလွန်ခဲ့ကြ​တယ်လိုဖော်ထုတ်စစ်ဆေးနိုင်ခဲ့တယ်လို့သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာနေ မောင်ဟိန်း (ခ) ဟိန်းကိုကို လည်းကောင်း၊ နေထင်အောင်ကျော်(၃၁)နှစ်အား ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီခွဲ အချိန်တွင် တောင်ကြီးမြို့တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာနေသူများဖြစ်သည့် ဇော်ဇော်နိုင်(၃၀)နှစ်နှင့် ဖြိုးမင်းနိုင်(ခ) ကိုဖြိုး (၂၂)နှစ်
ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဇော်ဇော်နိုင်၏ နေအိမ်တွင် လည်းကောင်း၊ သိန်းနိုင်ဦး(ခ)မောင်သိန်း(၃၈)နှစ်နှင့် ၎င်း၏တပည့်ဖြစ်သူ အောင်နိုင်မိုး(၂၅)နှစ်တို့အား လက်နက်ခဲယမ်းများနဲ့တိုက်ရာပါပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

မောင်ဆန်(ခ) ဆန္ဒအောင်(၃၄)နှစ်၊ ဇနီးဖြစ်သူ မြတ်သူဇာ(၃၅)နှစ်နဲ့အောင်ဖြိုးပိုင်(ခ) အငယ်လေး(၂၃)
နှစ်တို့ ၂ ဦးအား စစ်ကိုင်းမြို့ဇေယျာတိုးချဲ့ရပ်ကွက်တွင်ပစ္စတို သေနတ်(၁)လက်၊ ကျည်ဆံ(၅)တောင့်တို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်တွင် ပြစ်မှုကျူးလွန်သူတရားခံ ၈ ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦး၊ စုစုပေါင်း တရားခံ ၁၀ ဦးနဲ့ အတူ ပစ္စတိုသေနတ် ၂ လက်၊ ကျည် ၂၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၂ ပိဿာ ၄၄ ကျပ်သားခန့်၊ ငွေသား ကျပ်သိန်း ၅၁၀၊ တိုက်ရာပါပစ္စည်းများအား ရောင်းချကာ ဝယ်ယူထားသော လက်ကိုင်ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၅ စီးတို့ကို ဖော်ထုတ်သိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။
ymg/hm 

 

#Yangon_Media_Group