Published 7 January 2022

သက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့ပူးပေါင်းပါဝင်မှုနှင့်သဘောတူညီမှုမပါရှိဘဲ အလုံးစုံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဖော်ဆောင်နိုင်မည်မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

လက်ရှိ ပြည်တွင်းအခြေအနေများကို ထည့်သွင်းစဉ်းစားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေး စဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ပြန်လည်ပြောကြားခဲ့တဲ့အကြောင်း နှစ်နိုင်ငံပူးတွဲသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပူးတွဲသတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

+++++++++++++++++++++++++

 

ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါဒိုင်း တဲ့ချို ဟွန်ဆင်၏

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခရီးစဉ်

ပူးတွဲသတင်းထုတ်ပြန်ချက်

+++++++++++++++++++++++++++

( ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ - ၈ ရက် )

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါဒိုင်း တဲ့ချို ဟွန်ဆင် ဉီးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ အလုပ်  သဘောခရီးစဉ် လာရောက်ခဲ့သည်။

 

ဝန်ကြီးချုပ် ဆမ်ဒက် တဲ့ချို သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့သည်။  အဆိုပါဆွေးနွေးပွဲ တွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းဆိုင်ရာ  အကျိုးတူကိစ္စရပ် များနှင့် အလေးပေးဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံများ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့်  စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် ဆမ်ဒက် တဲ့ချို အား မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်အထိ အပစ်အခတ်ရပ်စဲ ကြောင်းကြေညာခဲ့ပြီးဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန်လည်း အသိပေးခဲ့  သည်။ ဆက်လက်၍ သက်ဆိုင်သူများအားလုံးအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ် ရပ်စဲမှုကို လက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဆုံးသတ်ရန်နှင့် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် ကြရန် တောင်းဆိုခဲ့သည်။ ဝန်ကြီးချုပ် ဆမ်ဒက် တဲ့ချို ကလည်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် တင်းမာမှုများ လျှော့ချ ရေးတို့ကို ရည်ရွယ်သည့် ယင်းတောင်းဆိုခဲ့မှုအပေါ် ခိုင်မာစွာထောက်ခံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ  အထူးကိုယ်စားလှယ်၏ ပါဝင်မှုကို ကြိုဆိုခဲ့သည်။ အဆိုပါအရေးကြီးသည့် လုပ်ဆောင်ချက်သည် အာဆီယံ၏တူညီဆန္ဒ (၅)ချက်တွင် ထည့်သွင်းဖော်ပြထားသောအချက် ဖြစ်သည်။

 

နှစ်ဖက်ခေါင်းဆောင်များသည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာကူညီပံ့ပိုးမှုများ ပေးအပ်ရာတွင် အမှန်တကယ် လိုအပ်သူများထံသို့ ရောက်ရှိရန် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း များကဲ့သို့သော သက်ဆိုင်သူများအကြား အစည်းအဝေးတစ်ရပ်ကျင်းပရေးအတွက် အားပေးသွားမည်ဖြစ်သည်။ အမှန်တကယ် လိုအပ်လျက်ရှိသည့် ပြည်သူများထံသို့ လူသားချင်း စာနာမှုအကူအညီများ ခွဲခြားမှုမရှိဘဲပေးအပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် သင့်လျော်သည့်ယန္တရားများ နှင့် အစီအစဉ်များ သတ်မှတ်ဆောင်ရွက်သွားရန် အရေးကြီး ကြောင်းနှင့် လူ့အသက်ကယ်ဆယ်ရေး သည် အရေးကြီးဆုံးကိစ္စဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်  များက အသိအမှတ်ပြုခဲ့ကြသည်။

 

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး မစ္စတာ ပရတ်ဆော့ခွန်းအား အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မည့် အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော်နိုင်ရေးကိုအပြည့်အဝပံ့ပိုးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံတူညီဆန္ဒ(၅)ချက်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက်အကူပြုသင့်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။

 

ဝန်ကြီးချုပ် ဆမ်ဒက် တဲ့ချို က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ ရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်ဦး နှစ်ဖက်အကျိုးရှိသောမူဝါဒကို ရှင်းလင်းမျှဝေခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သော အတွေ့အကြုံများနှင့် သင်ခန်းစာ များအပေါ် အခြေခံ၍ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှု မပါရှိဘဲ အလုံးစုံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အာဆီယံအထူးကိုယ်စားလှယ် ၏ မြန်မာနိုင်ငံခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိ ပြည်တွင်းအခြေအနေများကို ထည့်သွင်းစဉ်းစားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေး စဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့်ကာလတွင် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်စေမည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန် နှာခေါင်းစည်း (၃,၂၀၀,၀၀၀) ခု၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (၃၀,၀၀၀)စုံ၊ အသက်ရှုအထောက်အကူပြုစက် (၅၀) လုံး၊ လူနာစောင့်ကြည့်စက် (၅၀) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင် စက်(၅၀)လုံးနှင့် အခြားသောဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းများ လှူဒါန်းခဲ့မှုအပေါ် ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူများအား လှိုက်လှဲစွာကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံဆွေးနွေးပွဲအား အပြန်အလှန်နားလည်မှုနှင့် ရင်းနှီးပွင့်လင်းမှုတို့ကို အခြေခံ၍ ဆွေးနွေး ကျင်းပခဲ့သည်။

 

နေပြည်တော်၊  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ  ၇      ရက်