Published 8 January 2022

မြန်မာနိုင်ငံသို့ အလုပ်သဘော နှစ်ရက်တာခရီးစဉ်ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အက်ကာ မိုဟာ ဆီနာ ပက်ဒဲလ် တီချို ဟွန်ဆန်နှင့် ဧည့်သည်ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ(၈)ရက် နံနက်ပိုင်းက ခရီးပြီးဆုံးလို့ ပြန်လည်မထွက်ခွာခင်မှာ နေပြည်တော်၊ဗုဒ္ဓဥယျဉ်မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အကြီးဆုံး မာရဝိဇယ စကျင် ရုပ်ပွားတော် ထုဆစ်နေမှုတွေကို သွားရောက်ဖူးမြှော်ရင်း လေ့လာခဲ့တယ်လို့  သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံသို့ ယမန်နေ့ ဇန်နဝါရီ(၇)ရက်က ရောက်ရှိခဲ့တာဖြစ်ပြီး အာဆီယံရဲ့ ဘုံသဘော တူညီချက်(၅)ချက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို မြန်မာနစကဥက္ကဋ္ဌနင့် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အပြင် နှစ်နိုင်ငံအကြား လူမှုစီးပွားဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်ရေးကိစ္စတွေကိုပါဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

သူက မြန်မာနိုင်ငံကိုမလာခင် သူရဲ့မြန်မာနိုင်ငံ ခရီးစဉ်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်နှင့်ရော ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ်နှင့်ရော သွားရောက်မှာဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။