Published - 7 Jan 2022
မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူ(၁၂)ဦးကို ထပ်မံ​တွေ့ ရှိခဲ့ပြီး ​ရောဂါပိုး​တွေ့ ရှိသူများသည်
မြန်မာနိုင်ငံသား (၁၁)ဦးနှင့် နိုင်ငံခြားသား(၁)ဦးဖြစ်ကာ Relief Flight များဖြင့် ဝင်ရောက်လာသူ ယူအေအီးနိုင်ငံမှ(၈)ဦး၊မလေးရှားနိုင်ငံမှ(၃)ဦးနှင့် အိန္ဒိယနိုင်ငံမှ (၁)ဦးတို့ ဖြစ်​ကြောင်း ကျန်းမာ​ရေးဝန်ကြီးဌာနက ဒီက​နေ့ ဇန်နဝါရီ ၇ ရက်(ညပိုင်း)အချိန်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အ​နေနဲ့ “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် စစ်​ဆေးဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ ရှိ
နိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၂၂)ခုအား (၇-၁-၂၀၂၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁,၀၀၀) တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၁၂)ခုတွင် တွေ့ ရှိခဲ့ရခြင်းဖြစ်တယ်လို့
သိရပါတယ်။
အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာ သည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိ​ကြောင်း ကျန်းမာ​ရေးဝန်ကြီးဌာန၏ ဒီက​နေ့ ထုတ်ပြန်ချက်မှာ ​ဖော်ပြခဲ့ပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron
(အိုမီခရွန်)ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းတွင် ယ​နေ့အထိ အတည်ပြုလူနာစုစုပေါင်း(၅၁၈,၂၀၂) ဦးနှင့် သေဆုံးသူ (၁၁၄)ဦး ရှိပြီဖြစ်ပြီး ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံ/ ဒေသပေါင်း (၁၄၄)ခုအထိ ကျယ်ပြန့်စွာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
သို့​သော်လည်း အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ဆောင်ရွက်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန က တိုက်တွန်း နှိုး​ဆော်ထားပါတယ်။
ymg/kg