Published 7 January 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စကို ကြိုဆိုတယ်လို့ နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အဲဒီ့အပြင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ စိတ်ဓာတ်ပြင်းပြမှုနှင့် ကြိုပမ်းဆောင်ရွက်မှုတွေ အပေါ်ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဆမ်ဒက် အက်ကာ မိုဟာ ဆီနာ ပီဒဲလ် တီချို ဟွန်ဆန်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုးမြှင့်နိုင်ဖို့ အခွန်တွေလျော့ချဖို့၊ ပညာရေးပူပေါင်းဆောင်ရွက်ဖို့၊မြန်မာနိုင်ငံ ပုဂံနှင့် ကမ္ဘောဒီးယားဆီယံရိ ဒေသအကြား ခရီးသွားမိတ်ဖက်မြို့များအဖြစ် သတ်မှတ်ဆောင်ရွက်ဖို့ ၊နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းရေများပြန်လည် စတင်နိုင်ဖို့ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

နစကဥက္ကဋ္ဌကလည်း နှစ်နိုင်ငံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ဖို့ အခွန်နှစ်ထပ်ကောက်ခံမှုလျော့ချနိုင်မယ့် သဘောတူလက်မှတ်ရေးထိုးနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကိုဗစ်ကူးစက်မှုများ အထိုက်အလျောက် ထိန်းချုပ်နိုင်တဲ့အချိန်မှာ နှစ်နိုင်ငံလေကြောင်းသွားလာမှု အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားပြီးဖြစ်ကြောင်းတွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ပါဝင်မှာဖြစ်တယ်လို့လည်း နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီလို ပါဝင်မယ့်ကိစ္စကို နစကဥက္ကဋ္ဌက ကြိုဆိုတယ်လို့ပြောပါတယ်။

(ပူးတွဲကြေညာချက်သီးခြားဖော်ပြထားပါတယ်)

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဖက်မှ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီးများနှင့် ကမ္ဘောဒီးယားဖက်မှ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊အပါအဝင် ဝန်ကြီးများနှင့် ကမ္ဘောဒီးယားဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးဟန်မန်နက်၊နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် နစကဥက္ကဋ္ဌက တည်ခင်းဧည့်ခံတဲ့ ညစားစားပွဲကို ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ ဆက်လက်တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။