၆ ဧပြီ ၂၀၂၄

၂၀၂၄ခုနှစ်အတွင်း မြန်မာနှင့်ရုရှားနှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးအစီအစဉ်တွေ ၅၀ကျော် လုပ်ဆောင်ဖို့ရှိတယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇင်းဒါးဖိုမင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားတက်ရောက်ခဲ့တဲ့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးက နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ TASS  သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ဆက်ဆံရေးတွေနောက်ထပ်တိုးတက်ဖြစ်ထွန်းစေဖို့အတွက် ကျွန်တော်တို့ မှာ ခိုင်မာတဲ့အခြေခံတစ်ခုရှိကြပြီးဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ဟာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၅၀ကျော်လုပ်ဆောင်ဖို့ရှိပါတယ်။ အဲဒီအထဲမှာ တပ်မတော်ရဲ့ ကြည်းရေလေ တပ်ဦးစီးချုပ်တွေ အပြန်အလှန်လည်ပတ်ရေး၊ ပူးတွဲစစ်ဆင်ရေးနှင့်တိုက်ခိုက်ရေး လေ့ကျင့်စီမံချက်တွေပါဝင်ပါတယ်” လို့ ဖိုမင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီနှစ်အခမ်းအနားတွေမှာ အစဉ်အလာအရကို အဆင့်မြင့်ကိုယ်စားလှယ် တွေစေလွှတ်ပေးမယ်လို့မျှော်လင့်တယ်လို့ ဖိုမင်ကပြောပါတယ်။ အဲဒီအထဲမှာ the Ocean-2024 Strategic Command and Staff Exercises ကို မြန်မာနိုင်ငံက လေ့လာသူများစေလွှတ်ပေးမယ်လို့ အတည်ပြုထားပြီးသားလို့လည်း သတင်းမှာဖော်ပြ ထားပါတယ်။

@ymg/knl