၂၁ အောက်တိုဘာ ၂၀၂၃

ရုရှားနှင့်မြန်မာနိုင်ငံတို့သည် နျူကလီးယားလျှပ်စစ်ဓာတ်အားထုတ်လပ်ရေးစက်ရုံ မြန်မာနိုင်ငံတွင်တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ဒုတိယပတ်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားမီဒီယာများက သတင်းဖော်ပြကြ ပါတယ်။

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)နှင့် မြန်မာနိုင်ငံအစိုးရတို့ဟာ မော်စကိုမှာပြုလုပ်ခဲ့တဲ့ မော်စကို စွမ်းအင် ရက်သတ္တပတ်ပြပွဲအတွင်း လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ကုမ္ပဏီကသတင်းထုတ်ပြန်ခဲ့ပါတယ်။

“ နှစ်နိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ နျူကလီးယားအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ငင်း လိုအပ်ချက်တွေကို သတ်မှတ်ကြဖို့ စီစဉ်ထားပါတယ်။အဲဒီနောက် မြန်မာနိုင်ငံမှာ သေးငယ်တဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရေးအတွက် အရေးကြီးတဲ့ နယ်ပယ်တွေကို ဦးစားပေးအဆင့် အလိုက် အစီအစဉ်သတ်မှတ်ရေးဆွဲမှာဖြစ်ပါတယ်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ နားလည်မှုစာချွန်လွှာအရ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ သတ်မှတ်ချက်များနှင့်အညီရော၊ Rosatom ရဲ့ အကောင်းဆုံးလုပ်ငန်းအလေ့အထများအရလည်းကောင်း နျူကလီးယားအခြေခံအဆောက်အအုံကို တည်ဆောက်သွားမှာ   ဖြစ် ပါတယ်” လို့ ကုမ္ပဏီက မြန်မာအစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်နှင့်ပတ်သက် လို့ ဖြည့်စွက်ပြောကြားပါတယ်။

“ နားလည်မှုစာချွန်လွှာအထဲမှာ လေ့ကျင့်သင်ကြားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရုရှားနှင့် မြန်မာပူးပေါင်းဆောင်ရွက်ရေး၊ အဖွဲ့အစည်းများရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ယဉ်ကျေးမှုကိုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ပါဝင်ရေးတွေလည်းပါဝင်ပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။

Source; rigzone