#WorldHealth

+++++++++++++++++++++++++++++++++++++++++++++

Published 5 Oct 2021

တခြားနိုင်ငံတွေမှာ ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီး တရုတ်လူဦးရေအများစု ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှသာ နယ်စပ်သွားလာမှုကန့်သတ်ချက်တွေကို ဖယ်ရှားသင့်တယ်လို့ တရုတ်နိုင်ငံရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကျွမ်းကျင်သူက တနင်္ဂနွေနေ့မှာ ပြောကြားသွားပါတယ်။

ဒေါက်တာဇောင်နန်ရှန်ကို Southern People အပတ်စဉ်ထုတ်မဂ္ဂဇင်းက အင်တာဗျူးလုပ်ရာ တရုတ်လူဦးရေ ၁.၄ ဘီလီယမ်ရဲ့ ၈၀ - ၈၅ ရာခိုင်နှုန်းဟာ ဒီနှစ်ကုန်မှာ ကာကွယ်ဆေးထိုးနှံပြီးသား ဖြစ်ရမယ်လို့ ရည်မှန်းထားကြောင်း ဆိုပါတယ်။

ဒါပေမဲ့လည်း ရောဂါထိန်းချုပ်ကာကွယ်ရေး တင်းကြပ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ မလွယ်ကူကြောင်း တရုတ်ပြည်အတွက် ဖိအားတွေဖြစ်လာကြောင်း ဆိုပါတယ်။

"ရောဂါကို ထိန်းချုပ်ကာကွယ်ဖို့ ဘာလို့တင်းကြပ်မှုတွေ ထားရှိနေသေးတာလဲ၊ ကျွန်တော်တိုရဲ့ ကာကွယ်ဆေးထိုးနှံမှုက ၈၀ ရာခိုင်နှုန်းတောင် မရှိသေးပါဘူး၊ ဒါကြောင့် ရောဂါကာကွယ်ဖို့က တကယ်ကိုအရေးကြီးနေပါသေးတယ်"လို့ သူကဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့အထိ အနည်းဆုံးတရုတ်လူဦးရေ ၁.၁ ဘီလျံ (၇၈ ရာခိုင်နှုန်း)က အနည်းဆုံးတော့ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးပြီဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီရဲ့ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့က ဆိုပါတယ်။

တရုတ်နိုင်ငံက ရောဂါပိုးအခြေအနေကို  ထိန်းသိမ်းနေတဲ့အလျောက် နယ်စပ်တွေက ထိန်းချုပ်ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမယ့် နောက်ထပ်အခြေအနေကတော့ ကမ္ဘာတဝန်းရှိ တခြားနိုင်ငံတွေနဲ့ အထူးသဖြင့် နိုင်ငံကြီးတွေမှာ ကူးစက်ဖြစ်ပွားမှုနှုန်းနည်းလာပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားလာကာ သေဆုံးမှုနှုန်းလျော့နည်းလာမှ ဖြစ်လိမ့်မယ်လို့ ဇောင်ကပြောပါတယ်။

"တရုတ်အနေနဲ့ ဒီလိုဆက်လက် တင်းကြပ်နေလို့ မဖြစ်ဘူး၊ ဘာလိုလဲဆိုတော့ ကိုဗစ်-၁၉ က ကမ္ဘာအနှံ့ဖြစ်ပွားနေတာဖြစ်ပြီး တရုတ်နဲ့အခြားနိုင်ငံတွေအကုန်လုံး အတူတကွပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာကြောင့်ပါ" လို့ ဇောင်ကဆက်လက်ပြောဆိုသွားပါတယ်။

Source South China Morning Post