#WorldHealth

++++++++++++++++++++++++++++++++++++++

Published - 3 Oct  2021

ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသူတွေမှာ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ခံရခြေများလာမှုနဲ့အတူ ကမ္ဘာတဝန်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၅ သန်းကျော်သွားပြီဖြစ်ကြောင်း ရိုက်တာက ဖော်ပြလိုက်ပါတယ်။

ဒီမျိုးဗီဇကွဲဗိုင်းရပ်စ်ကြောင့် နိုင်ငံကြီးတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြား ကာကွယ်ဆေးထိုးနှံနိုင်မှု ကွာခြားချက်ဟာ ပိုမိုထင်ရှားလာပြီး အနောက်နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးဖို့ နှောင့်နှေးနေတဲ့ အကျိုးဆက်ဟာလည်း သိသာထင်ရှားလာခဲ့ပါတယ်။

ရိုက်တာသတင်းဆန်းစစ်ချက်တွေအရ ကိုဗစ်ကြောင့် တစ်နှစ်အတွင်းသေဆုံးမှု ၂.၅ သန်းရှိခဲ့ပြီး နောက်ထပ် သေဆုံးမှု ၂.၅ သန်းကတော့ ၈လအတွင်းမှာတင် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကမ္ဘာတဝန်းမှာ နေ့စဉ် သေဆုံးသူပျှမ်းမျှ ၈၀၀၀ ခန့်(၁မိနစ်ကို ၅ ယောက်နှုန်း)ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း လတ်တလောမှာတော့ သေဆုံးမှုနှုန်းဟာ လျော့ကျနေပြီဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးနောက်တစ်ကြိမ်တောင် စထိုးနေပြီဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ပထမအကြိမ်ကာကွယ်ဆေးထိုးဖိုတောင် စီစဉ်နေတုန်းဖြစ်ပြီး ထိုနိုင်ငံတွေကို ကာကွယ်ဆေးရောက်ရှိဖို့အတွက် ဒီရက်ပိုင်းတွေမှာ ပိုမိုအာရုံစိုက်လာကြပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းအမှားတွေနဲ့ ရင်ဆိုင်နေရလို့ လူဦးရေရဲ့ ၃ပုံ ၁ပုံ ကာကွယ်ဆေးမထိုးရသေးတဲ့ အမေရိကန်နိုင်ငံမှာ သောကြာနေ့အထိ သေဆုံးသူ ၇ သိန်းကျော်သွားပြီဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေအားလုံးထက် သေဆုံးမှုနှုန်းအများဆုံး ဖြစ်နေပါတယ်။

ရုရှားမှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၈၇ ဦးရှိပြီး ဒါဟာ ရောဂါကပ်ဘေးစကတည်းက အခုအချိန်အထိ တစ်နေ့တည်းနဲ့ သေဆုံးသူပမာဏ အများဆုံးရှိခဲ့တာဖြစ်ပါတယ်။ ဒယ်လ်တာမျိုးဗီဇကွဲဟာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြစ်ပေါ်နေပြီး WHO အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံထဲမှာ ၁၈၇ နိုင်ငံအထိ ဒယ်လ်တာမျိုးဗီဇကွဲကို တွေ့ရှိထားတာဖြစ်ပါတယ်။

Source REUTERS