Published 8 October

အမေရိကန်ရေတပ်ရဲ့ အသစ်လွင်ဆုံး လေယာဉ်တင်သင်္ဘောဟာ အင်္ဂါနေ့က ပထမဆုံးခရီးကို စတင်ခဲ့ပါတယ်။ ဒါဟာ ခေတ်မီနည်းပညာအချို့နှင့်ပတ်သက်တဲ့ ပြဿနာတွေဖြစ်ခဲ့ရတဲ့ သင်္ဘောကြီးအတွက် အထင်ကရမှတ်တိုင်တစ်ခုဖြစ်ခဲ့ ပါတယ်။

USS Gerald R. Ford ယူအက်က်စ်အက်စ် ဂါးရက် အာရ် ဖို့ဒ် လို့အမည်ပေးထားတဲ့ သင်္ဘောကြီးဟာ ဒေါ်လာ ၁၃ ဘီလျံကျော်ကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်တင်သင်္ဘောကြီးဟာ တပ်ဖြန့်ခရီးမှာ  ကနေဒါ၊ပြင်သစ်နှင့် ဂျာမနီတို့ အပါအဝင် နိုင်ငံတွေနှင့်အတူ လက်တွဲလုပ်ဆောင်မှာဖြစ်ပါတယ်။အဲဒီအထဲမှာ လေကြောင်းကာကွယ်ရေး၊ ရေငုပ်သင်္ဘော တန်ပြန်စစ်ပွဲနှင့် ကုန်းနှင့်ရေ စစ်ဆင်ရေးတို့ကို သင်တန်းပေးမှာတွေ ပါဝင်ပါတယ်။

အမေရိကန်ရေတပ်ဖေ့စ်ဘုတ်ပေ့ချ်က ဗွီဒီယိုမှာ တွန်းသင်္ဘောတွေက မီးခိုရောင်ဆေးသုတ်ထားတဲ့ သင်္ဘောကြီးကို ဗာဂျင်နီးယားပြည်နယ် နော်ဖောက် ရေတပ်စခန်းဆိပ်ခံတံတားကနေ တွန်းပြီးထွက်ခွာနေတာကိုပြသထားပါတယ်။

“ ဒီသင်္ဘောကြီးရဲ့တပ်ဖြန့်မှုဟာ အတ္တလန်တစ်ထဲမှာ ပြိုင်ဘက်ကင်းတဲ့၊ နယ်ပယ်စုံတဲ့၊ သေကြေပျက်စီးစေလောက်တဲ့ နယ်ဝန်းပြည့်ဖြစ်တဲ့ တပ်ဖြန့်မှု ဆိုတာ ထင်ရှားနေပါတယ်” လို့  ရေတပ်ဗိုလ်ချူပ်ကြီး ဒါးကောဒဲလ်က သင်္ဘောမထွက်ခွာခင် သတင်းထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။

ဒီတပ်ဖြန့်မှုခရီးမှာ နိုင်ငံပေါင်းကိုးနိုင်ငံက စစ်သင်္ဘောအစီး၂၀နှင့် လေယာဉ်အစီး ၆၀ပါဝင်ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ ထုတ်ပြောမသွားပါဘူး။

၂၀၁၇ခုနှစ်မှာ အဲဒီသင်္ဘောဟာ စတင်တာဝန်ပေးအပ်ခံရပါတယ်။ သင်္ဘောရဲ့ အလျားဟာ ပေ ၁၁၀၀ရှိပြီး  ဝန်အပြည့် တန်ချိန် တစ်သိန်းတစ်ထောင် တင်နိုင်ပါတယ်။ ဒါပေမယ့် ဝန်အပြည့်နှင့် တစ်နာရီကို ၅၄ ကီလိုမီတာကျော် အမြန်နှုန်းနှင့် ခုတ်မောင်းနိုင်ပါတယ်။

အမေရိကန်ရဲ့ ၃၈ ဦးမြောက် သမ္မတရဲ့အမည်ပေးထားတဲ့ ယခုလေယာဉ်တင်သင်္ဘောဟာ အရင် လေယာဉ်တင်သင်္ဘောတွေလောက် သင်္ဘောသား မလိုအပ်ဘဲ မောင်းနှင်နိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒီအပြင် ယခုမှစမ်းသပ်နေတုန်းဖြစ်တဲ့ အနာဂတ်စွမ်းအင်လက်နက်တွေကိုလည်းသယ်ဆောင်နိုင်အောင်ပါ ဒီဇိုင်းလုပ်ထားပါတယ်။

ယခင် လေယာဉ်တင်သင်္ဘောတွေထက် သာတဲ့ အဓိကအချက်က လေယာဉ်တွေ အတက်အဆင်းနှုန်းပိုပြီးမြန်လာစေတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၂ခုနှစ်ဇွန်လတုန်းက ကွန်ဂရက်ကိုတင်ပြတဲ့ အစီရင်ခံစာမှာတော့ ဒီသင်္ဘောမှာ နည်းပညာ ပြဿနာအချို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

သင်္ဘောကြီးရဲ့ လက်နက်မတင်စက်တွေ တပ်ဆင်မပြီးသေးတာနှင့် အချို့သော နည်းပညာပြဿနာတွေကို ဖြေရှင်းနေရတာကြောင့် လေယာဉ်တင်သင်္ဘောကြီးရဲ ပထမဆုံးတပ်ဖြန့်မှုခရီးဟာ နှောင့်နှေးခဲ့ရပါတယ်လို့ ဩဂုတ်လက ထုတ်ပြန်တဲ့ လေယာဉ်နှင့်ပတ်သက်တဲ့ ကွန်ဂရက်သုတေသနလုပ်ငန်းအစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

Source AFP

#USS_Gerald_R. Ford

#US_Navy

#Newest_aircraft_carrier