Published 9 October 2022

စင်္ကာပူ အစားအစာ အေဂျင်စီက Mie Sedaap အသင့်စားခေါက်ဆွဲထုတ်နှစ်မျိုးမှာ ပိုးသတ်ဆေးတွေ့လို့ ပြန်သိမ်းယူစေပြီးနောက် ( သတင်းဖော်ပြခဲ့ပြီး)အဲဒီအမှတ်တံဆိပ်မှာပဲ နောက်ထပ် နှစ်မျိုးမှာ အလားတူပိုးသတ်ဆေးတွေ့ခဲ့တဲ့ အတွက် ထပ်မံသိမ်းယူဖို့ ညွှန်ကြားခဲ့တယ်လို့ Channel News Asia က သတင်းထုတ်ပြန်ပါတယ်။

ခွင့်မပြုတဲ့ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ အက်သလင်းအောက်ဆိုက်ကို Mie Sedaap အသင့်ခေါက်ဆွဲအမျိုးအစားနှစ်ခုမှာ ထပ်မံတွေ့ခဲ့တာဖြစ်ပါတယ်။ စင်္ကာပူ အစားအစာ အေဂျင်စီ SFA က  ဖြန့်ချိတဲ့ Arklife Distributors ကုမ္ပဏီကို Mie Sedaap Soto အသင့်စားခေါက်ဆွဲထုတ်တွေနှင့် Mie Sedaap Curry အသင့်စားခေါက်ဆွဲထုတ်တွေကို ထပ်မံသိမ်းဆည်း ဖို့ ညွှန်ကြားခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

ယခုထပ်မံသိမ်းဆည်းတဲ့ အသင့်စား ခေါက်ဆွဲထုတ်တွေကတော့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှာ သက်တမ်းကုန်တဲ့ Mie Sedaap Soto နှင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်မှာ သက်တမ်းကုန်တဲ့ Mie Sedaap Curry အသင့်ခေါက်ဆွဲထုတ်တွေ ဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ အဲဒီနှစ်မျိုးစလုံးကလည်း အင်ဒိုနီးရှားက တင်သွင်းတာဖြစ်ပါတယ်။

အဲဒါကြောင့် အေဂျင်စီဟာ အခြားသော Mie Sedaap အသင့်စားခေါက်ဆွဲတွေကို ဆက်လက်ပြီး စစ်ဆေးသွားမယ်လို့ စနေနေ့က ကြေညာပါတယ်။ တင်သွင်းသူတွေနှင့် အင်ဒိုနီးရှားအာဏာပိုင်တွေနှင့် လက်တွဲအလုပ်လုပ်ပြီး  အက်သလင်း အောက်ဆိုက်ပါဝင်နေတဲ့အပေါ် စုံစမ်းဖော်ထုတ်မှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။

“ ယခုကြေညာထားတဲ့ ခေါက်ဆွဲထုတ်တွေ ဝယ်ယူထားမိတဲ့သူတွေ မစားသုံးမိကြဖို့အကြံပြုပါတယ်” လို့ SFA က ကြေညာပါတယ်။

“ ယခုကြေညာထားတဲ့ထုတ်ကုန်တွေကို စားသုံးမိသူတွေဟာ သူတို့ကျန်းမာရေးနှင့်ပတ်သက်လို စိတ်ပူစရာရှိပြီး ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေရယူကြသင့်ပါတယ်။ ဝယ်ယူခဲ့သူတွေအနေနှင့် သူတို့ဝယ်ခဲ့တဲ့နေရာတွေမှာ သွားရောက်စုံစမ်းမေးမြန်းကြပါ” လို့လည်း စင်ကာပူအစားအစာ အေဂျင်စီက နှိုးဆော်ထားပါတယ်။

Source CNA

#Mie_Sedaap_Soto

#Mie_Sedaap_Curry

#Ethylene_oxide