Published 4 Sept 2022

လေကြောင်းလိုင်းတွေနှင့် လေယာဉ်အမှုထမ်းတွေ ခရီးသည်တွေကို လေယာဉ်ပေါ်တက်ဖို့ ထပ်ထပ်ခေါ်နေရတာတွေဟာ ဒီနှစ်နွေရာသီမှာတော့ သိပ်များများစားစားမရှိပေမယ့် ဒီတစ်ပတ်ထဲမှာတော့  မိသားစုတစ်စုအတွက် လေယာဉ်မှူးတစ်ဦးက တကယ့်ကို မှန်ကန်တဲ့ အလုပ်ကို လုပ်ဆောင်ပေးခဲ့ပါတယ်။

ခရီးသည်တင်ဂျက်လေယာဉ်ကြီးဟာ ပြေးလမ်းမပေါ်မှာ ပျံတက်မယ့်ဆဲဆဲမှာ   လေယာဉ်မှူးဟာ လေယာဉ်ကို ပြန်လှည့်ပြီး ဂိတ်ဆီသို့ ပြန်မောင်းလာခဲ့ပါတယ်။ အကြောင်းကတော့ သမီးငယ်ဖြစ်သူ လေယာဉ်ပေါ်တက်ခါနီးမှ ပတ်စ်ပို့ ပျောက်သွားလို့ အဖေရောသမီးပါ ဒီလေယာဉ်နှင့် လိုက်လို့မရဖြစ်ခဲ့တဲ့ အဲဒီအဖေနှင့်သမီးကို ခေါ်တင်ဖို့ဖြစ်ပါတယ်တဲ့။

အင်္ဂလန်နိုင်ငံ နော်တင်းဟမ်အနီးက လီကက်စတွန်က အသက် ၃၈နှစ်အရွယ်ရှိ အင်ဒရူးယန်အင်စလေနှင့် သူ့ရဲ့ ခုနှစ်အရွယ်သမီး ကလေးဟာ ကာနာရီကျွန်း တင်နာရိုင်းဖ်ကနေ အရှေ့မစ်ဒ်လန်းလေဆိပ်ကို ပျံသန်းမယ့် Tui လေယာဉ်ခရီးစဉ်နှင့် လိုက်ပါဖို့ တားမြစ်ခံခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးငယ်ရဲ့ပတ်စ်ပို့ကို ရှာမတွေ့လို့ဖြစ်ပါတယ်လို့ မိသားစုက အိုင်တီဗွီသတင်းဌာနကိုပြောပါတယ်။

အဲဒါကြောင့် အင်စလေရဲ့ ဇနီးနှင့် အခြားကလေးသုံးယောက်နှင့် မိဘတွေက လေယာဉ်နှင့်ပါသွားပြီး အဖေနှင့်သမီးက လေဆိပ်မှာကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပတ်စ်ပို့ကို  အကောက်ခွန်မဲ့ဈေးဝယ်အိတ်ထဲမှာ ပြန်ရှာတွေ့တဲ့အချိန် လေယာဉ်က ဂိတ်ကနေ ထွက်ခွာသွားခဲ့ပါပြီလို့ အိုင်တီဗွီက ပြောပါတယ်။

လေယာဉ်ပေါ်က လေယာဉ်မောင်မယ်တွေပြောတာကတော့ သူတို့နှစ်ဦးဟာ မန်ချက်စတာကိုထွက်ခွာမယ့် နောက်လေယာဉ် တစ်စီးနှင့် လိုက်လို့ရအောင်ကြိုးစားခဲ့ကြပါတယ်။  ဒါပေမယ့် လေယာဉ်မှူးကို အကူအညီတောင်းတဲ့အခါ လေယာဉ်မှူးက သူတို့နှစ်ယောက်ကို ဂိတ်မှာ ပြန်ခေါ်ပေးဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ အင်ဒရီယန်ရဲ့ မိခင်ဖြစ်တဲ့ အသက်၆၀ အရွယ်ရှာရွန်က အိုင်တီဗွီသတင်းဌာနကိုပြောပါတယ်။

“ အဲဒီအချိန်မှာ လေယာဉ်က ပြေးလမ်းမပေါ်ရောက်နေပြီး ပျံတက်ဖို့အဆင်သင့်ဖြစ်နေပြီ” လို့ ရှာရွန်ကပြောပါတယ်။ ကျွန်မ ကြက်သေသေမိသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလေယာဉ်တွေစီးလာတာ ကြာလှပြီ။ ဒီလို ကျန်ခဲ့တဲ့ ခရီးသည်ကို ပြန်လှည့်ခေါ်တာမျိုး မကြုံဖူးလို့လေ” လို့လည်း သူမကပြောပါတယ်။

အစပိုင်းက မဖြစ်နိုင်ဘူးလို့ပြောထားတဲ့ သားဖြစ်သူရဲ့ ခရီးဆောင်အိတ်ကိုတောင် လေကြောင်းလိုင်းက လေယာဉ်ပေါ် တင်ပေးလိုက်သေးတယ်လို့ သူမကဆက်ပြောပါတယ်။

ကမ္ဘာအနှံ့မှာ နွေရာသီ ခရီးသွားတော်တော်များများ စိတ်ဒုက္ခတွေရောက်နေကြရချိန်မှာ ဒီအဖြစ်အပျက်ကလေးက အပြုသဘော ဆောင်တဲ့ဇာတ်လမ်းကလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဝန်ထမ်းမလုံလောက်မှုနှင့် ကပ်ဘေးကြောင့် ပိုမိုဆိုးရွားမှုတွေ ဖြစ်နေရတာကြောင့် လေကြောင်းလိုင်းတွေနှင့် လေဆိပ်တွေဟာ ခရီးသွားလုပ်ငန်းတွေပြန်ဖြစ်လာတဲ့အပေါ် အတော် ရုန်းကန် နေကြရတာဖြစ်ပါတယ်။ အဲဒီပြဿနာတွေကြောင့် လေယာဉ်ခရီးစဉ်တွေဖျက်သိမ်းရတာတို့၊နာရီနှင့်ချီနောက်ကျရတာတို့၊ ခရီးဆောင်အိတ်တွေပျောက်ဆုံးရတာတို့တွေဖြစ်နေကြရတာပါ။

အဲဒီနေ့က ဩဂုတ် ၂၆ရက်ဖြစ်ပြီး ယူကေရဲ့ ရက်သတ္တပတ်ရုံးပိတ်ရက်ဖြစ်ပါတယ်။ သူတို့စီးတဲ့လေယာဉ်က ထွက်ခွာချိန်ကိုက နောက်ကျနေခဲ့တာပါ။ လေဆိပ်ဟာ ဗြိတိန်ကိုပျံသန်းမယ့် လေယာဉ်သုံးစီးအတွက် အလုပ်များနေတယ်လို့လည်း သူမက ပြောပါတယ်။

Tuiလေကြောင်းက Business Insider ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

ရှာရွန်က သူမဟာ လေကြောင်းလိုင်းကို ကျေးဇူးတင်ကြောင်းပြောဖို့ကြိုးစားပေမယ့် အဆင်မပြေတာတိုင်တန်းလို့ရတဲ့ ဝက်ဘ်ဆိုက်ပဲတွေ့တယ်လို့ ဆက်ပြောပါတယ်။

Source: Insider

#Tui_Airlines

#Tenerife

#Air_Travel