Published 28 Aug 2022

မန်ဟန်တန်အိမ်နီးချင်းတစ်ဦးကို အဓမ္ဓကျင့်တယ်လို့ ဒီတစ်ပတ်စောစောပိုင်းက စွပ်စွဲခံထားရတဲ့ တောင်ဆူဒန်သံတမန်တစ်ဦး ဟာ သူ့အပေါ်စွဲချက်ကို ရှောင်တိမ်းပြီးနောက် သူ့နိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။

အသက်၄၆နှစ်အရွယ်ရှိတဲ့ ချားလ်ဒစ်ကင် အိုင်မင်းအိုလီဟာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ မွန်းလွဲပိုင်းက  သူနေထိုင်တဲ့ ဝါရှင်တန်ဟိုက်စ်အိမ်ရာမှာနေတဲ့ အသက်၂၄နှစ် အရွယ် အမျိုးသမီးတစ်ဦးကို သူမတိုက်ခန်းထဲ အတင်းဝင်သွားပြီးနောက် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်လို့ ရဲကပြောပါတယ်။

စွပ်စွဲသူက နယူးယောက်ရဲဌာနကို ဖုန်းဆက်တိုင်ကြားပြီးနောက် အိုလီဟာကို အချုပ်ထဲထည့်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကုလသမဂ္ဂ သံတမန်တစ်ဦးဖြစ်တဲ့အတွက် အမေရိကန် ဥပဒေအရ သံတမန်ကင်းလွတ်ခွင့်အရ အကာအကွယ်ရရှိထားတဲ့ အတွက် သူ့ကို အရေးယူမှုတစ်စုံတစ်ရာမလုပ်ဘဲ ပြန်လွှတ်ပေးလိုက်ရပါတယ်။

တောင်ဆူဒန်နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက အိုလီဟာ အာဖရိကကို ပြန်ရောက်လာပြီလို့ ကြာသပတေးနေ့က သတင်းထုတ်ပြန်အတည်ပြုပါတယ်။

“နယူးယောက်မြို့ဒေသခံတစ်ဦးကို အဓမ္မပြုကျင့်မှုတစ်ခုမှာ ကျွန်ုပ်တို့ သံတမန်ပါဝင်ပတ်သက်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာနခေါင်းဆောင်ပိုင်းက မေးမြန်းခံနေရတဲ့ သံတမန်ကို  ချက်ခြင်းပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အထူးကော်မတီတစ်ခုက စုံစမ်းစစ်ဆေးမှုအပြည့်တစ်ခုလုပ်ဖို့ ရွှေ့ဆိုင်းထားပါတယ်။

“ အမေးခံနေရဲ့ သံတမန် အခု တောင်ဆူဒန်ကို ပြန်ရောက်ပြီး သူ့တာဝန်တွေကို ဆိုင်းငံ့ထားလိုက်ပါပြီ” လို့ သတင်းထုတ်ပြန်ပါတယ်။

အကယ်၍မန်ဟန်တန် အစိုးရရှေ့နေတွေက သူ့အပေါ် တရားစွဲရင် အဲဒီသူကို တရားခံပြန်လွှဲပေးမှာလားဆိုတာကိုတော့ ဝန်ကြီးဌာနက ပြောမထားပါဘူး။

“ ခရိုင်ရှေ့နေရုံးဟာ ဒီကိစ္စကို တက်တက်ကြွကြွ စုံစမ်းဖော်ထုတ်နေပါတယ်”လို့ မန်ဟန်တန်ခရိုင်ရှေ့နေရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူး အီမီလီတူတဲလ်က သတင်းထုတ်ပြန်ပေးပါတယ်။

တောင်ဆူဒန်ဟာ ၂၀၁၁ခုနှစ်ကတည်းက နိုင်ငံရဲ့ အမျိုးသမီးများနှင့် မိန်းကလေးငယ်များရဲ့ အခွင့်အရေးတွေကို ကာကွယ်ရေး အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ် လို့လည်း တောင်ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီနိုင်ငံငယ်ကလေးဟာ ညှင်းပန်းနှိပ်စက်မှု၊အဓမ္မပြုကျင့်မှုနှင့် လိင်စော်ကားမှုတွေဟာ ၂၀၂၀မှာအဆုံးသတ်ခဲ့တဲ့  (၇)နှစ်ကြာ ပြည်တွင်းစစ်ကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂသတင်းအချက်အလက်အရ သိရပါတယ်။

Source: NY Post

#South_Sudan

#Charles_Dickens_Imene_Oliha

#UN_Envoy_Rape_case