Published 23 Aug 2022

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို မလေးရှား ဖက်ဒရယ်တရားရုံးက ယနေ့ ဩဂုတ် ၂၃ ရက်မှာ အဂတိ လိုက်စား  မှုနှင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ပါတယ်။ သူဟာ 1MDB နိုင်ငံတော်ရန်ပုံငွေကို အလွဲသုံးစားမှုနှင့်ဆက်နွယ်တဲ့ အဂတိလိုက်စားမှုကြောင့် ချမှတ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်ကို တရာရုံးချုပ်မှာ အယူခံဝင်ရာကနေ အယူခံရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

နာဂျစ်ဟာ မလေးရှားမှာ ပထမဆုံးထောင်ချခံရတဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးပါ။ သူ့ကို အမိန့်ချပြီးတာနှင့် ချက်ခြင်းပဲ ကွာလာလမ်ပူမြို့ပြင်က ကာဂျန်းအကျဉ်းထောင်ကိုပို့လိုက်ပါတယ်။

အဖွဲ့ဝင်ငါးဦးပါတဲ့ ဖက်ဒရယ်တရားရုံးက တရားရုံးချုပ်ရဲ့ တရားစီရင်မှုဟာ မှန်ကန်ပြီး နာဂျစ်ရဲ့ အယူခံမှုဟာ ထိုက်တန်မှုမရှိ လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

“ဒါဟာ အာဏာအလွဲသုံစားလုပ်မှု၊ ယုံကြည်မှုကို ဖောက်ဖျက်တဲ့ရာဇဝတ်မှုနှင့် ငွေကြေးခဝါချမှုဆိုတာရှင်းရှင်းကြီးဖြစ်တယ်” လို့ အမိန့်ဖတ်ကြားတဲ့ တရားသူကြီးချုပ် မိုင်မမ် တူအမ်မက်က ပြောပါတယ်။

၂၀၂၀မှာ သူ့ကိုအမိန့်ချပြီးကတည်းက အာမခံနှင့် နေနေတဲ့ နာဂျစ်ဟာ အခု အကျဉ်းထောင်ထဲသွားရမှာဖြစ်ပြီး ဒဏ်ငွေ မလေးရင်းဂစ် ၂၁၀သန်း( ဒေါ်လာ ၄၇သန်း)ကိုလည်းပေးဆောင်ရမယ် လို့အမိန့်မှာဖော်ပြထားပါတယ်။

1MDB ရန်ပုံငွေဟာ ၂၀၀၉ခုနှစ်မှာ  နာဂျစ်အာဏာရပြီးသိပ်မကြာခင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရန်ပုံငွေထဲမှ ဒေါ်လာ ၄.၅ဘီလျံ အခိုးခံခဲ့ရပြီး နာဂျစ်ရဲ့ မိတ်ဆွေတွေက ငွေကြေးခဝါချခဲ့ကြတယ်လို့ စုံစမ်းဖော်ထုတ်သူတွေက ပြောခဲ့ပါတယ်။ အဲဒါကြောင့် ၂၀၂၀မှာ နာဂျစ်ကိုအပြစ်ရှိကြောင်း နှင့် 1MDB  ရဲ့ လုပ်ငန်းဖြစ်တဲ့ SRC International ထံမှ တရားမဝင်ဒေါ်လာ ၉,၄သန်းရယူခဲ့တဲ့အတွက် အဂတိအမှု(၇)မှုနှင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Source: AP

#Najib Razak

#Malaysia_Politics

#Malaysia_Former_PM_Jailed