++++++++++++++++++++++++++++
Published 11 Sept 2021
ထိုင်းသုတေသနပညာရှင်တွေဟာ ချွေးအခြေခံပြီး ဗိုင်းရပ်စ်ကိုစစ်တဲ့ မိုဘိုင်းလ်ဗိုင်းရပ်စ်စစ် ကိရိယာတစ်ခုကို တီထွင်လိုက်ပြီး ဘန်ကောက် စားသောက်ဆိုင်တန်းတွေရဲ့ ဈေးသည်တွေကို ယခုတစ်ပတ်အတွင်းမှာ အဲဒီစက်ကလေးနှင့် စမ်းသပ်စစ်ဆေးနေပါတယ်။
 
“ ရရှိတဲ့နမူနာပစ္စည်းတွေကနေသိရတာကတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ လူတွေဆီမှာ အင်မတန်မှ ထူးခြားတဲ့ ဓာတ်တွေ ထုတ်ပေးတယ်ဆိုတာပဲဖြစ်ပါတယ်”လို့ချူလာလောင်ကွန်း တက္ကသိုလ်က ချာဒင်ကူလ်ဆင်းက ပြောပါတယ်။
 
“ အဲဒီတွေ့ရှိချက်ကို အသုံးပြုပြီး ကျွန်တော်တို့ဟာ ကိုဗစ်-၁၉ လူနာတွေရဲ့ ချွေးထဲက ဘက်တီးရီးယားအချို့ က ထုတ်လွှတ်တဲ့ ထူးခြားတဲ့ အနံ့တွေကို အာရုံခံနိုင်တဲ့ ကိရိယာတစ်ခု တီထွင်ခဲ့ပါတယ်” လို့ သူကပြောပါတယ်။
 
ချာဒင်က စစ်ဆေးမှုတွေဟာ ၉၅ရာခိုင်နှုန်းတိကျမှုရှိတယ်လို့ပြောပါတယ်။ သူ့ကိရိယာကလေးဟာ ဓာတ်ခွဲခန်းလိုအပ်ပြီး ဈေးကြီးတဲ့ အာခေါင်တို့ဖတ်စစ်ဆေးမှုတွေထက် စရိတ်တတ်နိုင်တဲ့အနေအထားရှိတဲ့ အခြားနည်းတစ်နည်း ဖြစ်လာလိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။
 
ဒါပေမယ့် အခုက စမ်းသပ်တဲ့ အဆင့်ပဲရှိပါသေးတယ်။ ဒီသုတေသနတွေ့ရှိချက်တွေကို ပညာရှင်အချင်းချင်း လေ့လာသုံးသပ် တဲ့အဆင့် လုပ်ကြရပါဦးမယ်။
သူတို့က ပတ်ဝန်းကျင်ထဲက အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို အာရုံခံတဲ့ ကိရိယာတစ်ခုကို အတုယူဆောင်ရွက်တာ ဖြစ်ပါတယ်။
 
လူတွေရဲ့ ချိုင်းအောက်မှာ ပိတ် သုတ်ဖတ်ကလေးတစ်ခု ၁၅မိနစ်ကြာအောင်ထားပါတယ်။ ခရမ်းလွန်ရောင်ခြည်နှင့် ပိုးသတ်ပြီးမှာ အဲဒီသုတ်ဖတ်ကို ဖန်ပုလင်းထဲထည့်ပါတယ်။
အဲဒီနောက် သင့်တော်တဲ့ နမူနာပမာဏကို လေစုတ်ပြွန်နှင့် စုတ်ယူပြီး စစ်တဲ့စက်ထဲကို ဖိအားနှင့်ထည့်သွင်းလိုက်ပါတယ်။
နမူနာယူရတာ ၁၅မိနစ်လောက်ကြာပြီး အဖြေရဖို့ နာရီဝက်စောင့်ရပါတယ်။
 
အဲသလို ချိုင်းချွေးကနေ ကိုဗစ်စစ်တာ ဘန်ကောက်ဈေးသည်တွေက လက်မထောင်ပြကြပါတယ်။ သူတို့ကို နှာခေါင်းထဲကနေ တို့ဖတ်ယူတာထက် သက်သောင့်သက်သာရှိတယ်လို့ ပြောကြပါတယ်။
 
ဒီချွေးကနေစစ်တာ ပိုပြီးအဆင်ပြေတယ်။ အလုပ်လုပ်နေရင်း အဖြေစောင့်လို့ရတယ် လို့ အသက်၄၃နှစ်အရွယ် ဖရဲသီးသည်က အေအက်ဖ်ပီကိုပြောပါတယ်။
ပီစီအာရ်နှင့်စစ်ဖို့ စစ်ဆေးတဲ့ဌာနကို သွားရမယ်။ အဲဒီမှာ အဖြေကိုထိုင်စောင့်ရမယ်။ အချိန်တွေဖြုန်းတာပဲ” လို့ ဆက်ပြောပါတယ်။
ကိုဗစ်တတိယလှိုင်းနှင့် စစ်ခင်းနေရတဲ့ ထိုင်းနိုင်ငံမှာ ကြာသပတေးနေ့က တစ်နေ့တည်း ကူးစက်မှုအသစ် တစ်သောင်း ခြောက်ထောင်တွေ့ပါတယ်။ အခုထက်ထို ကူးစက်သူပေါင်း ၁.၃၄ သန်းရှိနေပြီလည်းဖြစ်ပါတယ်။
 
Source:AFP