Published 10 Sept 2021
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ခုနှစ်လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၉ရက်နေ့က စကားပြောဆိုခဲ့ကြပြီး အဲဒီအထဲမှာ နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုဟာ ပဋိပက္ခဖြစ်မလာအောင် အသေအချာ ဖြစ်စေဖို့ တိုက်တွန်းခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြောင်း အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။
 
ဖုန်းပြောဆိုကြမှုအတွင်းမှာ ဒိုင်းနမစ်လှုပ်ရှားမှုဟာ ယှဉ်ပြိုင်မှုအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပြီး မရည်ရွယ်တဲ့ ပဋိပက္ခတွေဆီကို ဦးတည်ချက် ပြောင်းသွားစေတဲ့ ဘယ်လိုအခြေအနေမျိုးမှ ကျွန်တော်တို့မှာမရှိဘူးဆိုတာကို အမေရိကန်အနေနှင့် အသေအချာဖြစ်စေလိုတယ်လို့ ဘိုင်ဒင်က သတင်း စကားပါးခဲ့တယ်လို့ အကြီးတန်းအမေရိကန်အရာရှိကြီးတစ်ဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
 
ဒေါ်နယ်ထရမ့်ဆီက အာဏာကိုရယူပြီးနောက် ဖေဖော်ဝါရီမှာ ဘိုင်ဒင်က ရှီကျင့်ဖျင်နှင့် နှစ်နာရီကြား စကားပြောဆိုခဲ့ပြီး ကတည်းက ဒါဟာ ပထမဆုံးအကြိမ်ဖုန်းပြောဆိုကြခြင်းဖြစ်ပါတယ်။
 
အမေရိကန် တရုတ်ဆက်ဆံရေးဟာ ကမ္ဘာ့နံပါတ်တစ်နှင့်နှစ် စီးပွားရေးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ခင်းခဲ့တဲ့ ထရမ့်လက်ထက်မှာ ဇောက်ထိုးဆင်းသွားခဲ့ပါတယ်။ ဘိုင်ဒင်အစိုးရကတော့ ဗဟုဆက်ဆံရေးဝါဒကို တိုက်တွန်းအားပေးပြီး ထရမ့်ရဲ့ အမေရိကန်ပထမ စိတ်ကူးကို အဆုံးသတ်ဖို့လုပ်နေချိန်မှာ ဘေဂျင်းနှင့် ကုန်သွယ်ခွန်တွေကို ဆက်လက်ထိန်းသိမ်း ထားရှိပြီး အခြားအငြင်းပွားစရာ နယ်ပယ်တွေမှာလည်း ဆက်ဆံရေးဆက်လက်တင်းမာထားဆဲဖြစ်နေပါတယ်။
 
စကားပြောဆိုရတဲ့ ရည်ရွယ်ချက်တော့ ဆက်ဆံရေးကို တာဝန်သိသိစီမံခန့်ခွဲနိုင်ဖို့ နှစ်နိုင်ငံအကြား စောင့်ကြပ်ထိန်းကွပ်မှု ထားရှိဖို့ပဲဖြစ်ပါတယ်။
 
ကြာသ့ပတေးနေ့ ပြောဆိုမှုဟာ ကျယ်ပြန့်ပြီးမဟာဗျူဟာမြောက်ကိစ္စတွေ အပေါ် အာရုံထားတယ်။ မဖြေရှင်းနိုင်သေးတဲ့ ပြသနာတွေအပေါ် တိကျတဲ့ ဆုံးဖြတ်ချက်ရဖို့ မမျှော်လင့်ဘူးလို့ အမေရိကန် အရာရှိကပြောပါတယ်။
ဘေဂျင်းနှင့် ဝါရှင်တန်အကြား သဘောမတူမျှတဲ့ စာရင်းဟာ ရှည်လျားပြီး ကြီးထွားလာနေပါတယ်လို့ အေအက်ဖ်ပီက‌ ရေးသားပါတယ်။
Source AFP