Published-9 Sept 2021
တရုတ်ဆေးဝါးကုမ္ပဏီဖြစ်တဲ့ ဆိုင်နိုဖမ်က မျိုးဗီဇကွဲဗိုင်းရပ်အသစ်တွေကို ကာကွယ်ဖို့ ဒုတိယမျိုးဆက်သစ် mRNA ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေး ဆောင်ရွက်နေတယ်လို့ ဆိုင်နိုဖမ်လက်အောက်ခံကုမ္ပဏီက ပါတီကော်မတီအတွင်းရေးမှူး ဇူးကျင်ဂျင်းကပြောတယ်လို့ ဘေဂျင်းကလာတဲ့ သတင်းအရသိရပါတယ်။
 
တရုတ်ဗဟိုရုပ်သံနှင့် အင်တာဗျူးမှာ သူက တရုတ်အမျိုးသား ဘိုင်အိုတက်ခ်အုပ်စုဟာ ဆိုင်နိုဖမ် ကာကွယ်ဆေး လေးမျိုး ဖော်စပ်ပြီးဖြစ်ကြောင်းနှင့် နှစ်ခုက inactivated ၊နောက်တစ်မျိုးက mRNA နှင့် နောက်ဆုံးတစ်ခုက recombinant တို့ဖြစ်တယ်လို့ သူကပြောကြားလိုက်ပါတယ်။
 
တရုတ်အမျိုးသား ဘိုင်အိုတက်ခ်အုပ်စုက ကိုဗစ်-၁၉ မျိုးဗီဇကွဲအသစ်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ mRNA ကာကွယ်ဆေးကို ကိုယ်ပိုင် အမှီအခိုမဲ့စွာ ထုတ်လုပ်နေတယ်လို့ သူက ပြောပါတယ်။
 
သန္ဓေပြောင်းထားတဲ့ ကိုဗစ်-၁၉မျိုးကွဲတွေကို ခုခံကာကွယ်ဖို့ နှင့် ကပ်ဘေးကို ကမ္ဘာကြီးက ခပ်မြန်မြန်ကျော်လွှားနိုင်ဖို့ အခုလို ဒုတိယမျိုးဆက် ကာကွယ်ဆေး ဈေးကွက်ထဲ စောလျင်နိုင်သမျှစောလျှင်စွာ ရောက်ရှိလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်လို့ အဲဒီအရာရှိက ဆက်ပြောပါတယ်။
 
အင်န်အက်တစ်ဗစ် ဆိုင်နိုဖမ်ကာကွယ်ဆေးဟာ ဆေးနှစ်လုံးထိုးပြီးလို့ ခြောက်လအထိ အာနိသင်ရှိနေတုန်းပဲလို့ ဇူက ပြောပါတယ်။ အဲဒီဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လိုအပ်ချက်တွေနှင့် ကိုက်ညီတယ်လို့လည်း သူကပြောပါတယ်။
တရုတ်နိုင်ငံမှာ အခုဆို ကာကွယ်ဆေးထိုးပြီးသူပေါင်း ၂.၁ ဘီလျံကျော်သွားပြီလို့ သတင်းကရေးသားပါတယ်။
Source: Sputnik