Published 9 Sept 2021
မလေးရှားနိုင်ငံက ဖန်တီးမှုအနုပညာဖျော်ဖြေရေးလုပ်ငန်းတွေကို ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေအတွက် စက်တင်ဘာ ၉ရက် (ကြာသပတေး)နေ့မှာပြန်လည်ဖွင့်လှစ်ပေးမယ်လို့ ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်က ပြောဆိုခဲ့ပါတယ်။ အမျိုးသားပြန်လည်ထူထောင်ရေးအစီအစဉ်အောက်က ပထမအဆင့်ကိုရိုနာဗိုင်းရပ်စ်အခြေအနေနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။
 
အခန်းတွင်း သီဆိုဖျော်ဖြေမှုနှင့် ဟိုတယ်ဧည့်ခန်းဆောင် ဖျော်ဖြေတင်ဆက်မှုတွေ၊ ရုပ်ရှင်ရုံတွေကို ထိုင်ခုံစုစုပေါင်းရဲ့ တစ်ဝက်နှင့် ပြန်လည် ဖွင့်လှစ်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
 
အဲဒီအပြင် ရုပ်သံရိုက်ကူးခြင်း၊ စတူဒီယိုတိုက်ရိုက်ထုတ်လွှင့်ခြင်းတွေကိုလည်း ကာကွယ်ဆေးအပြည့်ထိုးပြီးသူများ ၃၀ရာခိုင်နှုန်းအင်အားနှင့် ခွင့်ပြုမှာဖြစ်ပါတယ်။
ရုပ်ရှင်ကို စတူဒီယိုအတွင်းခန်းနှင့်ပြင်ပရိုက်ကူးခြင်းကို ကာကွယ်ဆေးအပြည့်ထိုးပြီးသူများနှင့် ခွင့်ပြုမှာဖြစ်သလို တေးဂီတတိုက်ရိုက်ဖျော်ဖြေပွဲတွေ၊ကပွဲတွေနှင့် ဟာသဖျော်ဖြေတင်ဆက်မှုတွေကိုလည်း ကာကွယ်ဆေးအပြည့်ထိုးပြီးတဲ့ ပရိသတ်တွေနှင့်အတူ ခွင့်ပြုပါမယ်။ ဒါပေမယ့် ပရိသတ်ဟာ ဆန့်တဲ့ အင်အားရဲ့ ၃၀ရာခိုင်နှုန်းပဲ ရှိရမှာဖြစ်ပါတယ်။
 
ပန်းချီပြပွဲများ၊ပြတိုက်များနှင့် ပန်းချီပြခန်းတွေကိုလည်း ကြိုတင်ချိန်းဆိုမှုဖြင့် ကာကွယ်ဆေးအပြည့် ထိုးပြီးသူတွေကို ခွင့်ပြုမှာဖြစ်ပြီး ၃၀ရာခိုင်နှုန်းအင်အားသာရှိရမှာလည်းဖြစ်ပါတယ်လို့ မစ္စတာ အစ္စမေးလ်က ပြောပါတယ်။
 
ဖျော်ဖြေရေးကဏ္ဍအတွက် လုပ်ဆောင်မှုအစီအစဉ်စံသတ်မှတ်ချက်တွေကို ဖြေလျော့ပေးလိုက်တာဟာ အနုပညာရှင်တွေ လုပ်သားတွေပါဝင်တဲ့ အဲဒီကဏ္ဍက လူတစ်သန်းကျော်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ဖန်တီးမှုကဏ္ဍက ကုမ္ပဏီပေါင်း တစ်သောင်းကိုးထောင်ကျော်ကိုပါ အကျိုးရှိစေမယ် လို့ သူက သတင်းထုတ်ပြန်ချက်ထဲမှာာပြောထားပါတယ်။
 
လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်ထိုးပြီးတဲ့အခါ စံသတ်မှတ်ချက်တွေကို ထပ်မံဖြေလျှော့ပေးမယ်လို့လည်း သူကပြောပါတယ်။
ဖန်တီးမှုလုပ်ငန်းတွေဟာ မလေးရှားရဲ့ ဂျီဒီပီရဲ့ ၂ရာခိုင်နှုန်းရှိပြီး မလေးရင်းဂစ် ၂၉ ဘီလျံ(စင်ကာပူဒေါ်လာ ၉.၄ ဘီလျံ) ရှိနေပါတယ်။
Source : The Star/