Published 12 August 2022

အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့် အမေရိကန်နှင့်သူ့မဟာမိတ်တပ်ဖွဲ့တွေဟာ  သောကြာနေ့က လက်တွေ့ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒေသဆိုင်ရာ ပဋိပက္ခတစ်ခုကို ဟန့်တားဖို့ဖြစ်တယ်လို့ အမေရိကန်ထိပ်တန်းဗိုလ်ချူပ်ကြီးတစ်ဦးကပြောပါတယ်။

ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အခိုင်အမာဆောင်ရွက်မှုတွေတိုးမြှင့်လာတဲ့အပေါ် အမေရိကန်နှင့် အာရှမဟာမိတ်တွေက စိုးရိမ်မှုတွေကြီးထွားလာပါတယ်။ ဒါပေမယ့် ယခင်စစ်ရေးလေ့ကျင့်ရေးတွေထက် ယခုလေ့ကျင်မှုက ကြီးမားပေမယ့် ဒါဟာ ဘယ်နိုင်ငံတစ်နိုင်ငံကိုမှ မရည်ရွယ်ပါဘူးလို့ အမေရိကန်ကပြောပါတယ်။

ဒီလေ့ကျင့်ခန်းကို အင်ဒိုနီးရှားက စူပါ ဂရုဒါ ဒိုင်း (Super Garuda Shield) လို့ အမည်ပေးထားပြီး တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်အပြီး သိပ်မကြာခင်လုပ်ဆောင်လာကြတာပါ။

“ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်စေတဲ့လှုပ်ရှားဆေင်ရွက်မှုတွေဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်မှုတွေ ဖြစ်နေပြီး ဒါမျိုးကို ကျွန်တော်တို့ရှောင်ရှားလိုတာဖြစ်တယ်။ ကျွန်တော်တို့ဟာနေ့တိုင်း စစ်ပွဲမဖြစ်ဖို့ ကြိုးစားတားဆီးနေတယ်” လို့ အမေရိကန် အာရှပစိဖိတ်စစ်တိုင်းမှူး ရေတပ်ဗိုလ်ချူပ်ကြီး ဂျွန် အက်ကွီလီနိုကပြောပါတယ်။

သောကြာနေ့လေ့ကျင့်မှုကိုတော့ ဩစတြေလျနှင့်စင်္ကာပူတပ်ဖွဲ့တွေက အမေရိကန်နှင့်အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့်အတူ ပါဝင်ခဲ့ကြပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အပါချီရဟတ်ယာဉ်တွေက စနစ်တကျပျံသန်းပြီး စက်သေနတ်တွေ၊ ဒုံးပျံတွေနှင့် တောင်ထူထပ်တဲ့လေ့ကျင့်ရေးဧရိယာမှာ ပစ်ခတ်ကြပြီး  ဂျဗီလင် တင့်ကားဖျက်ဒုံကျည်တွေကိုလည်း ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။

ဒီစစ်ရေးလေ့ကျင့်ခန်းဟာ ထိုင်ဝမ်အခြေအနေကြောင့် ပြုလုပ်တယ်ဆိုတဲ့ အချက်ကို အင်ဒိုနီးရှား တပ်ချုပ် အန်ဒီကာ ပတ်ကာဆာက ငြင်းဆိုလိုက်ပြီး ဒီပွဲကို စီစဉ်ထားခဲ့တာကြာပြီလို့ပြောပါတယ်။

အက်ကွီလီနိုက အင်ဒိုနီးရှားမိတ်ဆွေပြောတဲ့နောက် သံယောက်လိုက်ပြောရမှာပဲလို့ဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ တစ်နှစ်ပတ်လုံးမှာ ဒီလိုလေ့ကျင့်ခန်းတွေ ၁၂၀ ခန့်အထိလုပ်ဆောင်နေတယ်။ ဒေသထဲက နိုင်ငံတွေ ပိုအခြေအနေကောင်းလာတဲ့အတွက် ဒီလိုလေ့ကျင့်ခန်းတွေ ပိုပြီး လွတ်လပ်လာပြီး ခက်ခဲရှုပ်ထွေးတာတွေပါလာလိမ့်မယ်လို့ ပြောသွားပါတယ်။

ကနေဒါ၊ပြင်သစ်၊အိန္ဒိယ၊မလေးရှား၊တောင်ကိုးရီးယား၊ပါပေါနယူးဂီနီ၊ အရှေ့တီမော်လ်၊နှင့်ဗြိတိန်တို့က စောင့်ကြည့်လေ့လာသူအဆင့်အဖြစ် ယခုစစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ကြပါတယ်။

Source: AFP

#Indonesia_US_Joint_Live_Drill

#US_China

#Asia_Pacific