#World_News
Published 12 August 2022

 

ကျည်ကာအင်္ကျီဝတ်ဆင်ထားတဲ့ လက်နက်ကိုင်လူတစ်ဦးဟာ ကြာသပတေးနေ့က စင်စင်နာတီရှိ အက်ဖ်ဘီအိုင်ရုံးကို ဖောက်ထွင်းဝင်ရောက်ဖို့ကြိုးစားခဲ့ပြီးနောက် ကျေးလက်နေရာတစ်ခုမှာ အိုဟိုင်ယိုပြည်နယ်အဝေးပြေး လမ်းထိန်းရဲတပ်ဖွဲ့နဲ့ အချိန်ကြာမြင့်သည်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖလော်ရီဒါရှိ သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ရဲ့ မာရာလာဂိုအိမ်ယာကို အက်ဖ်ဘီအိုင်က ဝင်ရောက်စီးနင်းပြီးနောက် အက်ဖ်ဘီအိုင်အေးဂျင့်တွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာလိမ့်မယ်လို့ အရာရှိများက ကြိုတင်သတိပေးထားပါတယ်။

 

ထိုလူဟာ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်အဆောက်အအုံ တိုက်ခိုက်သောင်းကျန်းမှုဖြစ်ခဲ့တဲ့ ရက်များအတွင်း ဝါရှင်တန်မှာရှိခဲ့ပုံရပြီး တိုက်ခိုက်တဲ့အထဲမှာလည်း ပါဝင်ခဲ့တယ်လို့ ယူဆရကြောင်း တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ထိုအရာရှိက စုံစမ်းစစ်ဆေးရေးအသေးစိတ်များကို လူသိရှင်ကြားမထုတ်ဖော်ခဲ့ပါဘူး။

 

တရားခံဟာ အသက် ၄၂ နှစ်အရွယ် 'ရစ်ကီရှစ်ဖာ'လိုအမည်ရပြီး ဇန်နဝါရီ ၆ ရက်နေ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရခြင်းမရှိခဲ့ပါဘူး။

 

'ရှစ်ဖာ'က လက်ယာနိုင်ငံရေးအစွန်းရောက်အဖွဲ့များနဲ့ ဆက်စပ်မှုရှိလားဆိုတာကိုတော့ အစိုးရစုံစမ်းရေးမှူးများက စစ်ဆေးနေကြပါတယ်။

 

'ရှစ်ဖာ'ဟာ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ အက်ဖ်ဘီအိုင်ရုံး ဧည့်တွေ့နေရာသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြောင်း၊ အေးဂျင့်တွေရောက်လာတဲ့အခါ ထွက်ပြေးသွားကြောင်း၊ ကြားပြည်နယ်-၇၁ သို့ထွက်ပြေးရာမှာ တပ်ဖွဲ့ဝင်တွေက သူ့နောက်လိုက်ဖမ်းခဲ့ကြပြီး တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ကြောင်း အိုဟိုင်ယိုပြည်နယ်အဝေးပြေးလမ်းစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး'နသန်ဒင်းနစ်'က ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

'ရှစ်ဖာ'က စင်စင်နာတီမြောက်ပိုင်းကြားပြည်နယ်မှ ထွက်ပြေးကာ သူ့ကားကို ကျေးလက်လမ်းတစ်နေရာမှာထားခဲ့ပြီး ထိုနေရာမှာပင် ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြားဘယ်သူမှ မထိခိုက်ခဲ့ကြောင်း 'ဒင်းနစ်'က ဆိုပါတယ်။

 

ညနေ ၃ နာရီလောက်မှာ 'ရှစ်ဖာ'က ရဲတွေကိုသေနတ်ဖြင့် ချိန်ရွယ်လိုက်စဉ်မှာ သူ့ကိုပစ်သတ်ခဲ့တာဖြစ်ပါတယ်။

 

ရဲတပ်ဖွဲ့က ပိုပြီးအန္တရာယ်ကင်းစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ညှိနှိုင်းမှုပြုလုပ်ရာမှာ မအောင်မြင်ခဲ့ဘဲ အသေပစ်သတ်ရတဲ့အထိ ဖြစ်ပျက်ခဲ့ပုံရပါတယ်။

 

အခင်းဖြစ်ပွားရာနေရာသို့ သွားတဲ့လမ်းတွေကို ပိတ်ပင်ခဲ့ရပြီး ရဟတ်ယာဉ်ဖြင့် အနားတဝိုက်ကိုစောင့်ကြည့်ခဲ့ကြပါတယ်။

 

တစ်မိုင်ပတ်လည်ဝန်းကျင်ကို အသွားအလာပိတ်ပင်ကာ လူနေအိမ်များနဲ့ လုပ်ငန်းဆိုင်များကို တံခါးပိတ်ပြီး အထဲမှာနေဖို့ ညွှန်ကြားခဲ့ကြပါတယ်။

 

'ထရမ့်'ရဲ့ မာရာလာဂိုအိမ်ယာကို အစိုးရအေးဂျင့်များက ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ပြီးကတည်းက နိုင်ငံအနှံရှိ အက်ဖ်ဘီအိုင်အေးဂျင့်များနဲ့ ရုံးများကို ခြိမ်းခြောက်မှုများ ပြုလုပ်လာကြပါတယ်။

 

နာမည်ကြီး Gab ဆိုရှယ်မီဒီယာပေါ်မှာ လူဖြူဝါဒီသမားများနဲ့ ဂျူးဆန့်ကျင်ရေးသမားများက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ ပြင်ဆင်နေကြကြောင်း သတိပေးထားပါတယ်။

 

အစိုးရအေးဂျင့်အဖွဲ့အစည်းတွေကို အကြမ်းဖက်ခြိမ်းခြောက်နေသူများကို ဆိုရှယ်မီဒီယာများမှတဆင့် အရာရှိများက ခြေရာခံစောင့်ကြည့်နေပါတယ်။

 

အေးဂျင့်များအနေနဲ့ ဆန္ဒပြမှုများကိုရှောင်ရှားရန်၊ အက်ဖ်ဘီအိုင်ပြင်ပနေရာတွေမှာ သူတို့ရဲ့လုံခြုံရေးကတ်ပြားများကို လူမမြင်အောင်ထိန်းသိမ်းထားရန် အက်ဖ်ဘီအိုင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးခဲ့ပါတယ်။

 

Source: AP News
#Yangon_Media_Group