Published-4 Sept 2021
ဗားဂျီးနီးယား ဆေးတက္ကသိုလ်ရဲ့ နောက်ဆုံးသုတေသနပြုချက်အရ ကိုဗစ်ကာကွယ်ဆေး မိုဒါနားက ရရှိတဲ့ ခုခံအား(ပဋိပစ္စည်း)အဆင့်ဟာ ဖိုက်ဇာ ကာကွယ်ဆေးက ရရှိတာထက် အနည်းငယ်ပို မြင့်မားနေတာ တွေ့ရတယ်လို့ ပြသနေကြောင်း သိရပါတယ်။
အဲသလိုကွာခြားမှုကို အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ ပိုတွေ့ရပါတယ်။ သုတေသနမှူးတွေဟာ အဲဒီတက္ကသိုလ်ရဲ့ ဝန်ထမ်း ၁၆၇ဦးဆီကနေ ဒုတိယမြောက် ကာကွယ်ဆေးထိုးပြီးလို့ တစ်ပတ်ကနေ ရက်ပေါင်း ၃၁ရက်အတွင်း သွေးနမူနာတွေရယူခဲ့ကြပါတယ်။ အဲဒီအထဲမှာ ၇၉ဦးက ဖိုက်ဇာထိုးထားကြပြီး ၈၈ ဦးက မိုဒါးနား ထိုးထားခဲ့ကြပါတယ်။ သူတို့ရဲ့အသက်တွေဟာ ပျှမ်းမျှအသက်ဟာ ၄၂နှစ်အရွယ်ဖြစ်ပြီး ၃၈ရာခိုင်နှုန်းဟာ ၅၀နှစ်နှင့်အထက်က ၊၇၂ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
ဆရာဝန်တွေနှင့် သိပ္ပံပညာရှင်တွေဟာ ဒီဗိုင်းရပ်စ်ကို နားလည်ဖို့နှင့် ဘယ်လိုတုန့်ပြန်သလဲဆိုတာသိဖို့ ကြိုးစားနေကြတဲ့ အလျောက် အခုတွေ့ရှိချက်ဟာ သေးငယ်ပေမယ့် ရှုပ်ထွေးတဲ့ ပဟေဠိအတွက်တော့ သိသာတဲ့ အစိတ်အပိုင်းတစ်ခုဖြစ် စေလိမ့်မယ်လို့ သတင်းကရေးပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးရဲ့ အာနိသင်နှင့်ပတ်သက်လို့ ခုခံပစ္စည်း(ပဋိပစ္စည်း) အချက်အလက်တစ်ခုတည်းသက်သက်အပေါ်မှာသာ အခြေခံပြီး ကောက်ချက်ဆွဲခဲ့တယ်ဆိုတာကို သတိမူကြပါလို့ သုတေသနပညာရှင်တွေက ပြောပါတယ်။
ကာကွယ်ဆေးနှစ်မျိုးစလုံးဟာ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာကို ထိုးနှံပေးပြီးတဲ့နောက် အထူးကိုကောင်းမွန်စွာ အလုပ်လုပ်ကြတယ်လို့ သူတို့က ပြောပါတယ်။
မိုဒါနားနှင့် ဖိုက်ဇာနှစ်ခုစလုံးက မက်ဆင်ဂျာ အင်ရ်အင်န်အေကိုသုံးပြီး ကိုဗစ်-၁၉ရဲ့ စပိုက်ပရိုတိန်းကို ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို သင်ပေးတာဖြစ်ပါတယ်။
ကာကွယ်ဆေးနှစ်မျိုးစလုံးက ဆင်တူပေမယ့် ဓာတုဗေဒ ဖွဲ့စည်းပုံကတော့ အနည်းငယ်ကွာခြားကြပါတယ်။ မိုဒါးနားက ဖိုက်ဇာထက် အမ်အာရ်အင်န်အေကို ပိုပြီးအသုံးပြုထားပါတယ်။
မိုဒါးနားကရတဲ့ ခုခံအားက တစ်မီလီလီတာကို ၆၈.၅ မိုက်ခရိုဂရမ်ဖြစ်ပြီး ဖိုက်ဇာကတော့ ၄၅.၉ ဖြစ်ပါတယ်။
အသက်အပိုင်းအခြားအလိုက် ခုခံအားတုန့်ပြန်မှုကိုလေ့လာဖို့ သုတေသနမှူးတွေက အသက် ၅၀အောက်နှင့်အထက် နှစ်အုပ်စု ခွဲခြားခဲ့ပါတယ်။
ဖိုက်ဇာကာကွယ်ဆေးကို ဒုတိယမြောက်‌ ဆေးထိုးပြီးတဲ့နောက် အသက် ၅၀ နှစ်နှင့် အထက်က သူတွေဆီမှာ ၃၁.၃ မိုက်ခရိုဂရမ်ရှိတာတွေ့ရပြီး ၅၀နှစ်အောက်တွေဆီမှာတော့ ၅၉.၀ မိုက်ခရိုဂရမ်ရှိကြောင်းတွေ့ရပါတယ်။ မိုဒါနားကာကွယ်ဆေးထိုးသူတွေအကြားမှာတော့ အဲသလိုအသက်အပိုင်းအခြားအလိုက် ခြားနားမှုမတွေ့ရဘူးလို့ ဆိုပါတယ်။ အဲဒါဟာ မိုဒါးနားက ဖိုက်ဇာထက် အမ်အာရ်အင်န်အေကို သူ့ဆေးထဲမှာ သုံးဆပိုးသုံးထားလို့ဖြစ်တယ်လို့ သုတေသနမှူးတွေက ကောက်ချက်ဆွဲပါတယ်။
သုတေသနမှူးတွေက သူတို့ဟာ ဗိုင်းရပ်စ်တွေ ဆဲလ်ထဲဝင်မလာအောင် တားဆီးပေးတဲ့ ခုခံအားတစ်မျိုးဖြစ်တဲ့ ချေဖျက် ခုခံအား “neutralizing” antibodie ကို မဆန်းစစ်ခဲ့ပါဘူး။ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာ အရေးပါတဲ့ တီဆဲလ်နှင့် ဘီဆဲလ်တွေကိုလည်းမကြည့်ခဲ့ပါဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ကိုဗစ်-၁၉ကို နားလည်ဖို့ သုတေသနတွေ အများကကြီး လုပ်ရဦးမှာဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက ကိုဗစ်-၁၉ ကုသတေသနတွေလုပ်နေကြချိန်မှာ ဗာဂျင်နီးယားဆေးတက္ကသိုလ်ရဲ့ ရောဂါပြီးပညာဆိုင်ရာ ပညာရှင် ဂျက်ဖရီဝီလ်ဆင်က ဖိုက်ဇာနှင့် မိုဒါးနားဆေးနှစ်မျိုးစလုံးကို အားပါးတရ ထောက်ခံပေးပါတယ်။ ဒီဆေးနှစ်မျိုးစလုံးက ရောဂါအပြင်းအထန်ဖြစ်တာနှင့် သေဆုံးတာတွေကို လျှော့ချပေးနိုင်တယ်လို့ သူကပြောပါတယ်။
သုတေသနပညာရှင်တွေနှင့် သိပ္ပံပညာရှင်တွေဟာ ကာကွယ်ဆေးတွေရဲ့ ရှေရှည်အာနိသင်နှင့် အားမြှင့်ကာကွယ်ဆေးထိုး ဖို့လိုမလို အထူးသဖြင့် ငယ်ရွယ်သူတွေလို ခုခံအား များများစားစား မတုန့်ပြန်နိုင်တဲ့ အသက်အရွယ်ကြီးရင့်သူတွေအတွက် လိုမလို ဆိုတာကို ဆက်လက်သုတေသနပြုနေကြဆဲဖြစ်ပါတယ်။
Source:J Post