Published-4 Sept 2021
မြွေတစ်မျိုးရဲ့အဆိပ်ထဲမှာပါတဲ့ မော်လီကျူးတစ်ခုဟာ မျောက်ရဲ့ဆဲလ်တွေအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးပွားခြင်းကို ဟန့်တားပေးနိုင်တာကို ဘရာဇီးသုတေသနပညာရှင်တွေက တွေ့ရှိခဲ့တဲ့အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ ဆေးဝါးတစ်မျိုးအတွက် အလားအလာရှိတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရေးသား ဖော်ပြခဲ့ပါတယ်။
 
ဒီလထဲမှာ ထုတ်ဝေခဲ့တဲ့ “မော်လီကျူး” သိပ္ပံဂျာနယ်ထဲမှာ အဲဒီသုတေသနပြုချက်ကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ဂျာယာယာကပ်ဆုပစ် မြွေပွေးတစ်မျိုးရဲ့ အဆိပ်ထဲက မော်လီကျူးဟာ မျောက်တွေရဲ့ဆဲလ်အတွင်းမှာ ဗိုင်းရပ်စ်အဆပွားတာကို ၇၅ ရာခိုင်နှုန်းအထိ ဟန့်တားပေးနိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်၊
“ အဲဒီမြေံအဆိပ်ရဲ့ အစိတ်အပိုင်းတစ်ခုက ဗိုင်းရပ်စ်ရဲ့ သိပ်အရေးကြီးတဲ့ ပရိုတိန်းတစ်ခုကို ဟန့်တားနိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” လို့ ဆော်ပေါလို တက္ကသိုလ် ပါမောက္ခနှင့် အဲဒီ သုတေသနစာတမ်းရှင် ရာဖဲလ်ဂိုင်ဒိုကပြောပါတယ်။
 
အဲဒီမော်လီကျူးဟာ peptide သို့မဟုတ် အမိုင်နိုအက်ဆစ်အတွဲဖြစ်ပါတယ်။ အဲဒီမော်လီကျူးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ PLPro လို့ခေါ်တဲ့ အင်ဇိုင်းတစ်ခုကို အခြားဆဲလ်တွေကို ထိခိုက်စေခြင်းမရှိဘဲ ချိတ်ဆက်နိုင်ပါတယ်။ PLPro ဗိုင်းရပ်စ်မျိုးပွာဖို့အတွက် မရှိမဖြစ်အင်ဇိုင်းဖြစ်ပါတယ်။
Peptide ရဲ့ ဘက်တီးရီးယားတိုက်ဖျက်နိုင်စွမ်းကိုတော့ သိရှိခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီ Peptide ကို ဓာတ်ခွဲခန်းထဲမှာ ဓာတ်ပေါင်းစုအဖြစ် ဖန်တီးနိုင်တဲ့အတွက် မြွေတွေကို လိုက်ဖမ်းစရာ မွေးမြူစရာ မလိုဘူးလို့ ပါမောက္ခ ဂိုင်ဒိုက ပြောပါတယ်။
 
“လူတွေအပြင်ထွက်ပြီး ငါတို့ ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုပြီး ဂျာယာယာကပ်ဆု(မြေပွေး)လိုက်ဖမ်းကြမှာကို ကျွန်တော်တို့ စိတ်ပူတယ်။ အဲသလို လုပ်စရာမလိုဘူး” လို့ တွားသွားနှင့် ကုန်းတစ်ဝက်ရေတစ်ဝက်သတ္တဗေဒပညာရှင် ဂိုင်ဆက်ပီပူအော်တိုက ပြောပါတယ်။ “မြွေပွေးက ကိုရိုနာဗိုင်းရပ်စ် ပျောက်တာမဟုတ်ဘူးနော်” လို့ သူကပြောပါတယ်။
နောက်တစ်ဆင့်အနေနှင့် မော်လီကျူးဆေးပမာဏ အမျိုးမျိုးပြောင်းလဲပြီး အကျိုးသက်ရောက်မှုအခြေအနေ နှင့် ဗိုင်းရပ်စ်ဟာ ဆဲလ်ထဲ ဝင်လာမှာကို အစမှာကတည်းက ဟန့်တားနိုင်သလား ဆိုတာတွေကို အကဲဖြတ်လေ့လာမယ်လို့ သုတေသနပြုလုပ်ရာမှာ ပါဝင်ခဲ့တဲ့ ဆော်ပေါလိုပြည်နယ်တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
 
လူသားဆဲလ်နှင့် စမ်းသပ်ဖို့ သူတို့က မျှော်လင့်ထားပေမယ့် အချိန်ဇယားတော့ မပေးပါဘူး။
“ ဂျာယာယာကပ်ဆုဟာ ဘရာဇီးမှာ အကြီးဆုံးမြွေတွေထဲက တစ်မျိုးဖြစ်ပါတယ်။ အလျား ၆ပေအထိရှိပြီး အတ္တလန်တစ် ကမ်းခြေသစ်တောတွေထဲမှာ သူတို့နေကြပါတယ်။ အဲဒီအပြင် ဘိုလစ်ဗီးယား၊ပါရောဂွေးနှင့် အာဂျင်တီးနားတို့မှာလည်းတွေ့ရပါတယ်။
Source: Reuters