Y

Published 21 July 2022                                                                                                      

သီရိလင်္ကာရဲ့ ခြောက်ကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ရာနီလ် ဝတ်ခ်ရီမက်ဆင်ဟီဟာ ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က အကျပ်အတည်းတွေနှင့်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာရဲ့ သမ္မတအဖြစ်  ညီညွတ်ရေးအစိုးရတစ်ရပ် မဖွဲ့စည်းခင်မ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အသက်၇၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝတ်ခ်ရီမက်ဆင်ဟီကို ဥပဒေပြုအမတ်တွေက ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ်ရွေးချယ်ပေးခဲ့ လို့ ကြာသပတေးနေ့မှာ တင်းကြပ်တဲ့ အစောင့်အရှောက်တွေရှိနေတဲ့ ပါလီမန် အဆောက်အအုံတွဲထဲက တရားသူကြီးချုပ် ဂျာယန်သာ ဂျာယာဆူရီယာ ရှေ့မှောက်မှာ  ကျမ်းသစ္စာပြုခဲ့တာပါ။

ကျမ်းကျိန်နေတဲ့အချိန်မှာ သီရိလင်္ကာရဲချုပ်နှင့် ထိပ်တန်းစစ်တပ်အရာရှိကြီးတွေက သူ့နောက်မှာ ရပ်နေကြပါတယ်။ ဒီအခမ်းအနားကို ရုပ်မြင်သံကြားတွေမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမယ့် အခမ်းအနားမစခင်လေးတင် အစီအစဉ်က ပြတ်တောက်သွားခဲ့ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို အရာရှိတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါပြီ။

နိုင်ငံကို ထိန်းကျောင်းမောင်းနှင်ဖို့ ဝန်ကြီး ၃၀ ဦးထက်မများတဲ့ အစိုးရအဖွဲ့ကို ခေါင်းဆောင်သစ်က ဖွဲ့စည်းဖို့ရှိနေပါတယ်။  သီရိလင်္ကာဟာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အဆိုးရွာဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သီရိလင်္ကာမှာ ရှည်လျားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ခံစားနေရပြီး နိုင်ငံရဲ့ ၂၂သန်းသော လူဦးရေဟာ လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်တောက်မှုတွေကို လပေါင်းများစွာ ကြုံတွေ့ခံစားနေကြရပါတယ်။

ဆင်းရဲဒုက္ခတွေကြောင့် ပြည်သူတွေရဲ့ အမျက်ဒေါသထွက်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ သမ္မတ ဂိုတာ ဘာရာ ရာဂျာပက်ဆာအိမ်တော်ကို ချင်းနင်းဝင်ရောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူဟာ ရာထူးမှဆင်းပေးခဲ့ရပြီး ဝတ်ခ်ရီမက်ဆင်ဟီအတွက် ရာထူးလမ်းရှင်းပေးသလိုဖြစ်ခဲ့ရပါတယ်။

#Source_AFP

#Sri_Lanka_new_president

#Wickremesinghe

#Sri_lanka_election