Published 21 July 2022

ရောမ,ဇူလိုင် ၂၁-အီတလီဝန်ကြီးချုပ် မာရီယိုဒရက်ဂီဟာ သူ့ရဲ့ ညွန့်ပေါင်းအစိုးရ ကွဲပြဲပြီးနောက် နိုင်ငံဟာ နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်ပြီး ဘဏ္ဍာရေးဈေးကွက်ကိုပါ ရိုက်ခတ်လာတဲ့အတွက် သူ့ရဲ့နှုတ်ထွက်စာကို သမ္မတ ဆာဂျီယိုမက်တာရီလာထံ ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က ပေးအပ်ခဲ့ပါတယ်။

သမ္မတက နှုတ်ထွက်မှုကို မှတ်သားပြီး ဒရက်ဂီကို သမ္မတက ယာယီအိမ်စောင့်အဖြစ် ဆက်လက်တာဝန်ယူဖို့ ပြောခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် သမ္မတ မက်တာရီလာက နောက်ဘာဆက်လုပ်မယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်ထဲထည့်မထားပါဘူး။ သူ့အနေနှင့် ပါလီမန်ကိုဖျက်သိမ်းပြီး အောက်တိုဘာမှာ ရွေးကောက်ပွဲစောစောကျင်းပလိမ့်မယ်လို့တော့ ဒီတစ်ပတ်စောစော ပိုင်းမှာ နိုင်ငံရေးအသိုင်းအဝန်းက ပြောဆိုနေကြပါတယ်။

မက်တာရီလာဟာ လွှတ်တော်နှစ်ရပ်လုံးက ဥက္ကဋ္ဌတွေနှင့် ဒီနေ့ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာတွေ့ဆုံဖို့ရှိနေပါတယ်။

ဒရက်ဂီရဲ့ အဓိကမိတ်ဖက်သုံးပါတီက အယုံအကြည်ရှိမဲကိုဗုဒ္ဓဟူးနေ့က ပစ်ပယ်လိုက်ပြီးနောက်  အီတလီရဲ့ ညွန့်ပေါင်းအစိုးရဟာ ပြိုလဲခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံရေးအကျပ်အတည်းဟာ အီတလီရဲ့ လများစွာ နိုင်ငံရေးတည်ငြိမ်နေမှုကို အဆုံးသတ်လိုက်ပါတယ်။ ဒရက်ဂီဟာ ရုရှားက ယူကရိန်းကျူးကျော်မှုအပေါ် ဥရောပရဲ့ တင်းမာစွာ တုန့်ပြန်မှုကို ကူညီခဲ့သူဖြစ်ပြီး အီတလီရဲ့ ဘဏ္ဍာရေးဈေးကွက်ကို မြှင့်တင်ခဲ့သူဖြစ်ပါတယ်။

ဒရက်ဂီဟာ ပြီးခဲ့တဲ့အပတ်ကပဲ သူ့ရဲ့ မိတ်ဖက် ကြယ်ငါးပွင့်လှုပ်ရှားမှုက သူ့ကို အယုံအကြည်မရှိမဲခွဲရာမှာ ထောက်ခံမှု မပြုလုပ်ခဲ့တဲ့အတွက် နှုတ်ထွက်စာတင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက သမ္မတ မက်တာရီလာက နှုတ်ထွက်စာကို ပယ်ချခဲ့ပါတယ်။

#Source_Reuters

#Italy_PM_Resigns

#Italy_Politics

#Mario_Draghi