Published 21 July 2022

၁၉၈၀ပြည့်လွန်နှစ်များရဲ့ စတိုင်တစ်ခုအဖြစ် အမွှမ်းတင်ခံခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးလည်း ဖြစ်ခဲ့တဲ့  အပြင် ဒေါ်နယ်ထရမ့်ကို အင်ပါယာတည်ဆောက်ပြီး သမ္မတဖြစ်တဲ့အထိ ကူညီဖေးမခဲ့တဲ့ ကွယ်လွန်သူအိုင်ဗန်နာထရမ့်ရဲ့ ဈာပနကို ဇူလိုင် ၂၀ရက်က ကျင်းပခဲ့ရာ သမ္မတဟောင်း ထရမ့်ဟာ သူ့သားမီးတွေနှင့်အတူ တက်ရောက်ပြီး ဇနီးဟောင်းကို နောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ်။

အိုင်ဗာနာထရမ့်ရဲ့ ဈာပနကို မန်ဟန်တန်ဘုရားကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

“ အင်မတန်ကြေကွဲရတဲ့နေ့တစ်နေ့ပါ။ ဒါပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ အံအားသင့်ဖွယ်ကောင်းပြီး အင်မတန်လှပတဲ့ ဘဝတစ်ခုကို ဆင်နွှဲတာပါ”လို့ ထရမ့်က သူရဲ့ Truth Social မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။ သူနှင့်အတူ သူ့လက်ရှိဇနီးသ မီလင်နီယာ ထရမ့်နှင့်သူတို့ရဲ့သား ဘာရွန်တို့လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီဘုရားကျောင်းဟာ အိုင်ဗန်နာထရမ့်ရဲ့ အိမ်နှင့် လမ်းအနည်းငယ်ပဲခြားတာပါ။

အိုင်ဗန်နာနှင့် ဒေါ်နယ်ထရမ့်တို့ဟာ သားသမီးသုံးဦးထွန်းကားခဲ့ကြပါတယ်။ ဒေါ်နယ်ဂျုနီယာ၊ အိုင်ဗန်ကာနှင့် အဲရစ်တို့ ဖြစ်ကြပါတယ်။  ရွှေရောင် ခေါင်းတလားကြီးကို ဘုရားကျောင်းကနေ သယ်ဆောင်တဲ့အခါ သူတို့သုံးဦးဟာ အဖေဖြစ်သူဘေးနားမှာ အတူရပ်ခဲ့ကြပါတယ်။ အဲရစ်ထရမ့်ဟာ သူ့လက်ကို အမဖြစ်သူရဲ့ပခုံးပေါ် အသာတင်ခဲ့ပြီး ပန်းနီတစ်ပွင့်ကိုင်ဆောင်ထားတဲ့ သူ့ ကလေးတစ်ဦးရဲ့လက်ကိုဆွဲထားပါတယ်။

ထရမ့်ရဲ့ ဒုတိယဇနီး မာလာ မာပဲလ်နှင့် သူတို့ရဲ့သမီး တစ်ဖနီထရမ့်တို့လည်း ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က အသက်၇၃နှစ်အရွယ် အိုင်ဗန်နာထရမ့်ဟာ နေအိမ်မှာကွယ်လွန်ခဲ့တာကို ထရမ့်မိသားစုက ကြေညာခဲ့ပါတယ်။ သေဆုံးရတာဟာ မတော်တဆမှုကြောင့်ရရှိတဲ့ ခန္တာကိုယ်ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အိုင်ဗန်နာနှင့် ဒေါ်နယ်ထရမ့်တို့ဟာ ၁၉၇၀ပြည့်လွန်နှစ်များကတွေ့ခဲ့ပြီး ၁၉၇၇ခုနှစ်ကနေ ၁၉၉၂အထိ အကြင်လင်မယား အဖြစ် လက်ထပ်ပေါင်းသင်းခဲ့ကြပါတယ်။ အိုင်ဗန်နာထရမ့်ဟာ ခင်ပွန်းရဲ့ လုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ရာမှာ အတ္တလန်တစ်မြို့ ကာဆီနိုလုပ်ငန်းကို စီမံခန့်ခွဲခဲ့ပါတယ်။အဲဒီအပြင် နယူးယောက်စီးတီးထရမ့်မျှော်စင်ရဲ့ အချို့ ဒီဇိုင်းအစိတ်အပိုင်းတွေကို စီမံခန့်ခွဲခဲ့ပါတယ်။

သူတို့ကွာရှင်းပြတ်စဲမှုကတော့ အကျည်းတန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်များအတွင်း နှစ်ဦးစလုံး ပြန်ပြီးရင်းနှီးခင်မင်စွာ ဆက်ဆံခဲ့ကြပါတယ်။ အိုင်ဗန်နာထရမ့်ဟာ ၂၀၁၆ခုနှစ် ဒေါ်နယ်ထရမ့်ရဲ့ သမ္မတမဲဆွယ်မှုမှာ အင်မတန်မှ နှစ်ထောင်းအားရ ထောကခံအားပေးခဲ့သူဖြစ်ပြီး သူတို့ဟာ ပုံမှန်ဆက်သွယ်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

#Source_AP

#Ivana_Trump_Funeral

#Donald_Trump_Ivana

#Trump_Life