Published- 29 August 2021
ပင်တဂွန်စစ်ဌာနချုပ်က အကြီးတန်းအရာရှိတစ်ဦးဟာ ဇန်နဝါရီလမှာ ဂျိုးဘိုင်ဒင် သမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအဖြစ် တရုတ်စစ်တပ်နှင့် ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောတယ်လို့ ရိုက်တာက ရေးသားလိုက်ပါတယ်။ နှစ်နိုင်ငံအကြားက အန္တရာယ်ကို စီမံခန့်ခွဲရေး အာရုံစိုက်ဆွေးနွေးခဲ့တာလို့ပြောပါတယ်။
အမေရိကန်က တရုတ်ကို သူ့ရဲ့ အမျိုးသားလုံခြုံရေး မူဝါဒရဲ့ ဗဟိုချက်မလို့ နှစ်ပေါင်းများစွာကတည်းက တွက်ထားပါတယ်။ ဘိုင်ဒင်အစိုးရကလည်း ဘေဂျင်းကို ရာစုနှစ်အတွင်း အကြီးဆုံးပထဝီနိုင်ငံရေးစမ်းသပ်မှုတစ်ခုအဖြစ် ပြိုင်ဘက်လို့ သတ်မှတ် ထားတာဖြစ်ပါတယ်။
တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ပိုပြီး တင်းမာလာနေပါတယ်။ တိုင်ဝမ်ကိစ္စမှသည် တရုတ်ရဲ့ လူ့အခွင့်အရေးကိစ္စအလယ် တောင်တရုတ်ပင်လယ်က စစ်ရေးလှုပ်ရှားမှုတွေအဆုံး အမြဲတမ်းလိုလို အချင်းများနေကြရတာ ဖြစ်ပါတယ်။
အဲသလိုတင်းမာမှုတွေနှင့် ဒေါသတကြီးပြောကြဆိုကြတာတွေရှိလင့်ကစား ဖြစ်လာနိုင်တဲ့ ဒေါသူပုန်ထစရာတွေနှင့် မည်ကဲ့သို့သော အဖြစ်အပျက်တွေကရှိလာရင် လျော့ပါးစေဖို့အတွက် အမေရိကန် စစ်အရာရှိတွေက သူတို့ရဲ့ တရုတ်စစ်အရာရှိတွေနှင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ထားဖို့ ကြိုးစားနေကြတာကြာပါပြီ။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌနာက ဒုလက်ထောက်ဝန်ကြီး မိုက်ကယ်လ်ချေ့စ်ဟာ ပြီးခဲ့တဲ့အပတ်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံတကာစစ်ရေးပူးပေါင်းဆောင်ရွက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး တဗိုလ်ချုပ် ဝှမ်ဇီပင်းနှင့် ဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ သူတို့နှစ်ယောက်ဟာ လုံခြုံစိတ်ချရတဲ့ ဗီံဒီယိုကွန့်ဖရင့်ဆင်းကို အမေရိကန်-တရုတ် ကာကွယ်ရေးဖုန်းလမ်းကြောင်းကနေ ဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်” လို့ အမည်မဖော်လိုတဲ့ အမေရိကန်တပ်အရာရှိတစ်ဦးက ပြောပါတယ်။နှစ်နိုင်ငံစစ်တပ်တွေ အကြား ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားတာအရေးကြီးတဲ့အကြောင်း နှစ်ဘက်လုံးက သဘောတူခဲ့ပါတယ်လို့ဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်ကတော့ သူ့ရဲ့ တရုတ်ဘက်က အဆင့်တူသူနှင့် စကားမပြောရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အဆင့်တူသူဟာ တရုတ်ဘက်က ဘယ်သူလဲဆိုတာကို ငြင်းစရခုန်စရာဖြစ်ခဲ့တာကြောင့်လို့ ရိုက်တာကရေးသားပါတယ်။
Source : Reuters