Published: 29 August 2021
အမေရိကန်တပ်တွေဟာ ကာဘူးလ်လေဆိပ်အပြင်ဘက်မှာရှိတဲ့ စီအိုင်အေရဲ့ နောက်ဆုံးစခန်း လင်းယုန်အခြေစိုက်စခန်းကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက သောကြာနေ့က ပြောတယ်လို့ နယူးယောက်စ်တိုင်းမ် သတင်းစာက ရေးသားလိုက်ပါတယ်။
 
အဲဒီဖောက်ခွဲဖျက်ဆီးခဲ့တဲ့အသံကြီးကို ကာဘူးမြို့တစ်လျောက် ကြားခဲ့ကြရပါတယ်။
 
အဲဒီစီအိုင်အေစခန်းထဲမှာရှိတဲ့ ကိရိယာတွေ ဒါမှမဟုတ် စာရွက်စာတမ်းတွေ တာလီဘန်တွေ လက်ထဲရောက်မသွားစေချင်လို့ အခုလို စခန်းကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တာလို့ပြောပါတယ်။
 
လင်းယုန်စခန်းကို အုတ်စက်ရုံအဟောင်းတစ်ခုထဲမှာ စစ်ပွဲအစပိုင်းကာလမှာ စတင်တည်ထားခဲ့ကြတာပါ။ ပြီးတော့ ပဋိပက္ခ ကာလတစ်လျောက်လုံး အသုံးပြုခဲ့ကြပါတယ်။ စခန်းသေးသေးကလေးကနေ အာဖဂန်ထောက်လှမ်းရေးအေဂျင်စီတွေကို တန်ပြန်အကြမ်းဖက်သင်တန်းတွေ ပေးရာမှာ သုံးခဲ့တဲ့အထိ ကြီးထွားလာခဲ့ပါတယ်။
 
ဒေသခံ အာဖဂန်တွေကတောင် အဲဒီစီအိုင်အေစခန်း အကြောင်း သိပ်မသိကြပါဘူး။ ဝင်းကြီးက အလွန့်ကို လုံခြုံပြီး ချင်းနင်း ဝင်ရောက်ဖို့သိပ်ခက်ခဲပါတယ်။ ဆယ်ပေမြင့်တဲ့ နံရံကြီးတွေကို ကွင်းပတ်ပတ်လည်မှာထူထားပါတယ်။ သတ္တုအထူကြီးနှင့် လုပ်ထားသော ဂိတ်တံခါးကြီးက ကားတွေ ဝင်ရုံ ထွက်ရုံပဲ အဖွင့်အပိတ်လုပ်ပေးပါတယ်။အထဲရောက်ရင်လည်း ကားက သုံးဆင့် အစစ်ဆေးခံရပါတယ်။
 
အဲဒီမှာ ကားနှင့်စာရွက်စာတမ်းတွေ ရှာဖွေစစ်ဆေးတာတွေလုပ်ပြီးမှာ စခန်းအတွင်းထဲ ဝင်ခွင့်ပြုပါတယ်။
 
စခန်းကို ဖြိုချပစ်တယ်ဆိုတာ လွယ်လှတဲ့ အလုပ်မဟုတ်ဘူးလို့ စီအိုင်အေ ကန်ထရိုက်တာဟောင်းတစ်ဦးက ပြောပါတယ်။ တာလီဘန်တွေ လက်ထဲရောက်မသွားဖို့ စာရွက်စာတမ်းတွေမီးရှို့ပစ်တာ၊ ဟာ့ဒရိုက်ဗ်တွေကို ကြိတ်နင်းပစ်တာ၊အပြင် အရေးကြီးကိရိယာတွေကိုဖျက်ဆီးပစ်ဖို့လဲ လိုပါတယ်။ လင်းယုန်စခန်းဟာ စာရွက်စာတမ်းတွေ ခပ်မြန်မြန် ဖျက်စီးပစ်လို့ရတဲ့ သံရုံးနှင့်တော့ မတူဘူးလို့ အဲဒီကန်ထရိုက်တာက ပြောပါတယ်။
 
Source: New York Times