Published 27 August 2021
ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀အတွင်းမှာ တစ်ကမ္ဘာလုံးမှာ သွေးတိုးရှိနေသူတွေဟာ နှစ်ဆတိုးလာပြီး အဲဒီထဲက တစ်ဝက်လောက်ဟာ သူတို့သွေးတိုးရှိနေမှန်းကို မသိကြဘူးလို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။
အင်ပီရီယယ်ကောလိပ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က ပညာရှင်တွေ ပူးပေါင်းပြီး လေ့လာမှုတစ်ခုပြုခဲ့ရာမှာ အသက်၃၀နှင့် ၇၉နှစ်အကြား သွေးတိုးရောဂါရှိနေသူတွေဟာ ၁၉၉၀ပြည့်နှစ်မှာ သန်း၆၅၀ဦးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ ၁.၂၈ ဘီလျံအထိရှိလာခဲ့တာလို့ တွေ့ရှိခဲ့ရပါတယ်။
အင်္ဂါနေ့က လန်ဆက်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီသုတေသနပြုချက်မှာ နိုင်ငံပေါင်း ၁၈၄နိုင်ငံက လူသန်း၁၀၀ကျော်ရဲ့ သွေးပေါင်ချိန်တွေနှင့် ကုသမှု သတင်းအချက်အလက်တွေအပေါ် ခွဲခြမ်းသုံးသပ်ခဲ့တာဖြစ်ပါတယ်။ အပေါ်သွေးက ၁၄၀ အမှတ်နှင့် အောက်သွေးက ၉၀အမှတ်ရောက်လာတဲ့အခါ သွေးတိုးအဖြစ်သတ်မှတ်တာလို့ သတင်းကရေးသားပါတယ်။
သုတေသနစာတမ်းအရ အဲဒီအထဲက လူသန်းပေါင်း ၅၈၀နီးပါးက သူတို့ကိုယ်သူတို့ သွေးတိုးရှိနေမှန်း သတိမထားမိကြ ဘူးလို့ဆိုပါတယ်။လူသန်း ၇၂၀ခန့်က သွေးပေါင်ချိန်ကျစေဖို့လည်း ဆေးမသောက်ကြဘူးလို့ဆိုပါတယ်။ အဲဒီအနေအထား ကြောင့် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေပျက်စီးစေပြီး ဒါဟာ ကမ္ဘာတစ်လွှားမှာ အသေအများဆုံးဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
“ ကျွန်တော်တို့ သွေးတိုးရောဂါကို စတင်ကုသလာခဲ့ကြတာ ရာစုနှစ်ဝက်နီးပါးလောက် ရှိခဲ့ပါပြီ။ ရောဂါဖြစ်မှန်းသိဖို့လွယ်ပြီး စရိတ်နည်းတဲ့ ဆေးဝါးနှင့်လည်း ကုသလို့ရကြတယ်။ ကမ္ဘာကြီးမှာ သွေးတိုးရှိနေကြသူ တော်တော်များများဟာ သူတို့လိုအပ် တဲ့ ကုသမှုတွေ သူတို့မခံယူကြဘဲရှိနေကြတာဟာ ပြည်သူ့ကျန်းမာရေးဆုံးရှုံးမှုကြီးတစ်ခုပဲဖြစ်တယ်” လို့ အဲဒီစာတမ်းကိုရေးသားသူတစ်ဦးဖြစ်တဲ့ ပါမောက္ခ မာဂျစ် အက်ဇက်တီ ကပြောပါတယ်။သူဟာ လန်ဒန်အင်ပီရီယယ်ကောလိပ်ရဲ့ ပြည်သူ့ကျန်းမာရေးကျောင်းက ပါမောက္ခတစ်ဦးဖြစ်ပါတယ်။
Source: AFP