Published-26 August 2021
အမေရိကန်ဒယ်လ်တာ လေကြောင်းလိုင်းက ဝန်ထမ်းတွေအနေနှင့် ကာကွယ်ဆေးထိုးဖို့လိုအပ်မှာဖြစ်ပြီး တကယ်လို့ ကာကွယ်ဆေးမထိုးဘူးဆိုရင် တစ်ပတ်တစ်ကြိမ်ပိုးစစ်ဆေးတာခံယူရမယ့်အပြင် ကျန်းမာရေးအာမခ့အတွက် တစ်လကို ဒေါ်လာ၂၀၀ အပိုဆောင်းပေးသွင်းရမယ်လို့ ဗုဒ္ဓဟူးနေ့ ကပြောကြားလိုက်ပါတယ်။
 
ဒယ်လ်တာလေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ် အက်ဒ်ဘက်စ်ရှန်းက သူ့ဝန်ထမ်းခြောက်သောင်းရှစ်ထောင်ကျော်ကို ဖြန့်ဝေတဲ့ ဌာနတွင်းဖြန့်ဝေစာထဲမှာ မူဝါဒအသစ်ကို ဖော်ပြခဲ့ပါတယ်။ အက်ဖ်ဒီအေဟာ ဒီတစ်ပတ်ထဲမှာ ဖိုက်ဇာ ကာကွယ်ဆေးကို အပြည့်အဝအဆင့် အတည်ပြုလိုက်ပြီဖြစ်လို့ ဒီအချိန်ဟာ ကာကွယ်ဆေးထိုးကြရမယ့်အချိန်ပဲလို့လည်း သူက ဖြည့်စွက်ပြောထားပါတယ်။
 
“ ကျွန်တော်တို့ရဲ့လူတွေကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အကျပ်အတည်းကြီးနှင့် ရင်ဆိုင်ရတဲ့အခါ ဘေးကင်းလုံခြုံပြီး ကျန်းမာစေဖို့အတွက် ကာကွယ်ဆေးထိုးတာဟာ အထိရောက်ဆုံးလက်နက်ပဲဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကာကွယ်ဆေးထိုးနှံမှုနှုန်းကို တိုးမြှင့်ဖို့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရတာဖြစ်တယ်”လို့ သူကရေးသားထားပါတယ်။
 
ဒယ်လ်တာလေကြောင်းဟာ ဝန်ထမ်းတွေကာကွယ်ဆေးထိုးကြဖို့ တွန်းနေတဲ့ ကုမ္ပဏီကြီးတွေထဲမှာပါဝင်လာတဲ့ နောက်ဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ CVS Health၊ Deloitte နှင့် Walt Disney တို့ဟာ သူ့အလုပ်သမားတွေကို ကာကွယ်ဆေးထိုးရမယ်ဆိုတဲ့ လိုအပ်ချက်ကို ထပ်ဖြည့်ထားတဲ့ ကုမ္ပဏီကြီးတွေထဲက အချို့ဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာ ယူနိုက်တက်အဲယားလိုင်းက အမေရိကန်အခြေစိုက် ဝန်ထမ်းတွေ ကာကွယ်ဆေးမထိုး မနေရ စည်းကမ်းသတ်မှတ်လိုက်တဲ့ ပထမဆုံးပြည်တွင်းလေကြောင်းလိုင်း တစ်လိုင်း ဖြစ်ပါတယ်။
Source: Washington Post