Published- 24 August 2021
အမေရိကန် အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ဖိုက်ဇာ-ဘိုင်အိုင်အင်န်တက်ခ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အသက်၁၆နှစ်နှင့် အထက် ထိုးနှံဖို့ ဩဂုတ် ၂၃ရက်နေ့က အပြည့်အဝအတည်ပြုပေးလိုက်ပါတယ်။
 
ဖိုက်ဇာဟာ ဖက်ဒရယ်အစိုးရဆီကနေ အပြည့်အဝအတည်ပြုချက်ရရှိလိုက်တဲ့ ပထမဆုံး ကာကွယ်ဆေးဖြစ်လာပါတယ်။ ဒီလိုအပြည့်အဝခွင့်ပြုချက်ရလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ ပိုပြီး ထိုးလာအောင် အားပေးထောက်ခံလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
 
ဖက်ဒရယ်အစိုးရက အခုလိုအပြည့်အဝခွင့်ပြုချက်ပေးလိုက်တာကြာင့် ဒေသဆိုင်ရာအစိုးရတွေနှင့် စီးပွားရေးလုပ်ငန်းတွေ အနေနှင့် ကာကွယ်ဆေးထိုးနှံဖို့ပြဌာန်းချက်တွေ အများကြီးထွက်ပေါ်လာနိုင်ပါတယ်လို့ နယူးယောက်စ်တိုင်းမ်က ရေးသားပါတယ်။
 
အက်ဖ်ဒီအေကသာ အတည်ပြုရင် အားဖြည့်ကာကွယ်ဆေးတွေကို စက်တင်ဘာ ၂၀ရက်က စတင်ပြီး ထိုးနှံပေးမယ်လို့ ဘိုင်ဒင်အစိုးရက ကြေညာအပြီး တစ်ပတ်မပြည့်ခင်မှာ ယခုအတည်ပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
 
ကိုဗစ်-၁၉ကပ်ဘေးနှင့် ဆက်လက်စစ်ခင်းနေတုန်းမှာ အက်ဖ်ဒီအေရဲ့ ကာကွယ်ဆေးအတည်ပြုချက်ဟာ မှတ်တိုင် တစ်ခုပါပဲ လို့ အက်ဖ်ဒီအေရဲ့ ခေတ္တကော်မရှင်နာ ဂျက်နက် ဝုကော့တ်က ကြေညာချက်မှာ ပြောခဲ့ပါတယ်။
 
ယခုလို အပြည့်အဝခွင့်ပြုချက်ရလိုက်တာဟာ အရေးတကြီးလိုအပ်နေတဲ့ အချိန်မှာ သုံးနေရတဲ့ ကျွန်တော်တို့ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုအပေါ် အခိုင်အမာရပ်တည်ပေးလိုက်တာပါပဲ လို့ ဖိုက်ဇာရဲ့ စီအီးအို အဲလ်ဘတ်ဘိုလာက ပြောပါတယ်။
Source: Axios