Published- 14 August 2021
အမေရိကန်တွေ အာဖဂန်မှပြန်လည်ရုပ်သိမ်းဖို့ရက်ကို ထပ်တိုးမယ်ဆိုရင် အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ တာလီဘန် ပြောရေးဆိုခွင့်ရသူက စကိုင်းနယူး ရုပ်သံကို ပြောခဲ့ပါတယ်။အမေရိကန်ဟာ အမေရိကန်တွေနှင့် အာဖဂန်မဟာမိတ်တွေ အားလုံးကို ကယ်ထုတ်ဖို့အတွက် ဩဂုတ်၃၁ရက်ထက် ထပ်တိုးပြီးမှ အမေရိကန်တပ်တွေပြန်လည်ရုပ်သိမ်းမယ့်ကိစ္စကို တာလီဘန်က ရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်။
 
အမေရိကန်နှင့် သူ့ရဲ့မဟာမိတ်တွေဟာ သူတို့အားလုံးပြန်လည်ဆုတ်ခွာမယ့်ရက် ခပ်မြန်မြန်နီးကပ်လာပေမယ့် သူ့လူတွေကို ကယ်ထုတ်ဖို့ ထောင်ပေါင်းများစွာကျန်ရှိနေပါသေးတယ်။ အမေရိကန်တွေ အားလုံးကို ကယ်ထုတ်ပြီးတဲ့အထိ သူ့တပ်တွေ အာဖဂန်မှာ ဆက်ရှိနေမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့တုန်းက ပြောခဲ့ပါတယ်။ သတ်မှတ်ရက်ကိုကျော်လွန်ပြီး ဆက်နေမယ့် အလားအလာကိုတော့ ထည့်မပြောသွားခဲ့ပါဘူး။
 
“ လိုင်းအနီတားထားတယ်။ ဩဂုတ် ၃၁ရက်မှာ စစ်တပ်တွေအားလုံး ပြန်ရုပ်သိမ်းမယ်လို့ သမ္မတ ဘိုင်ဒင်က ကြေညာ ထားခဲ့တယ်။ အဲဒါကြောင့် သူတို့ရက်ထပ်တိုးရင် ဒါဟာ မလိုအပ်ဘဲ သူတို့ရဲ့ သိမ်းပိုက်မှုကို ထပ်တိုးချဲ့တဲ့ သဘောပဲဂ လို့ တာလီဘန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆူဟေး ရှာဟင်းန် က ပြောပါတယ်။
 
“ တကယ်လို့ အမေရိကန်နှင့် ဗြိတိန်တို့ ဆက်ပြီးကယ်ထုတ်စရာရှိလို့ အချိန်ထပ်တိုးဖို့လုပ်ရင် အဖြေက ဟင်းအင်းပဲ။ ဒါမှမဟုတ် အကျိုးဆက်တွေရှိလာလိမ့်မှာပဲ။ ကျွန်တော်တို့အကြား မယုံကြည်မှုကိုဖန်တီးလိမ့်မယ်။ သူဆို့ဆက်ပြီးသိမ်းပိုက်ထားဖို့ ရည်ရွယ်တယ်ဆိုရင် တုန့်ပြန်မှုကို ဆွပေးလိုက်တာပဲဖြစ်မယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အထိ အာဖဂန်မှာ အမေရိကန်တွေ တစ်သောင်းနှင့်တစ်သောင်းခွဲကြား ကျန်ရှိနေပါသေးတယ်လို့ သတင်းတော်တော်များများက ဆိုထားပါတယ်။
 
အာဖဂန်တွေနှင့်သူမိသားစုတွေ လူပေါင်းငါးသောင်းနှင့်ခြောက်သောင်းခွဲကြား အမေရိကန်ရဲ့အကူအညီနှင့် ကယ်ထုတ်မှာ ကိုစောင့်ဆိုင်းနေကြတယ်လို့ ဘိုင်ဒင်ရဲ့အပြောအရသိရပါတယ်။
ကယ်ထုတ်တာတွေအားလုံးပြီးတဲ့အထိ တပ်တွေပြန်လည်ရုပ်သိမ်းရက်ကို ထပ်တိုးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဘိုင်ဒင်ကို တွန်းနေပါတယ်။ ဒါပေမယ့် တာလီဘန်တွေရဲ့ အတည်ပြုချက်ရဖို့လိုတယ်လို့ ရိုက်တာကရေးပါတယ်။
 
Source: Axios