Published- 23 August 2021
ဗြိတိန်နိုင်ငံတွင် လာမည့်ရက်သတ္တပတ်များ၌ အများပြည်သူကို ကိုဗစ်-၁၉ ပဋိပစ္စည်း စစ်ဆေးမှုတွေ စတင် ဆောင်ရွက်ပေးမယ်လို့ ဗြိတိန်မီဒီယာတွေက ဩဂုတ် ၂၂ရက်မှာ သတင်းရေးသားကြပါတယ်။
 
မတူကွဲပြားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲတွေ ကူးစက်မှုခံခဲ့ကြရပြီးနောက် အဲဒီသူတွေရဲ့ ပဋိပစ္စည်း ကာကွယ်မှုတွေ နှင့် ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ရယူဖို့ရည်ရွယ်ပြီး အစိုးရက ဒီအစီအစဉ်အသစ်ကို ဆောင်ရွက်တာဖြစ်တယ် လို့ ရိုက်တာက ရေးသားပါတယ်။
 
ကိုဗစ်-၁၉ ပေါ့စတစ်ဖြစ်ထားတဲ့ သူတွေဟာ သူတို့ရဲ့အိမ်တွေမှာ လက်နှစ်ချောင်း သွေးဖောက်စစ်တဲ့ ရလဒ်တွေကို ဗြိတိန် ကျန်းမာရေးလုံခြုံရေးအေဂျင်စီထံ အကြောင်းကြားဖို့လိုအပ်ပါတယ်။ အဲဒီကနေ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲ အမျိုးမျိုးကနေ ပဋိပစ္စည်းဘယ်လိုတုန့်ပြန်တယ်ဆိုတာ သိရဖို့အတွက် ဖြစ်တယ်လို့ ဘီဘီစီက သတင်းပေးပို့ပါတယ်။
 
လူနာအနေနှင့်ပေါ့စတစ်ဖြစ်ပြီးတာနှင့် မြန်နိုင်သမျှမြန်မြန် ပထမဆုံးစစ်ဆေးမှုကို ဆောင်ရွက်သင့်ပြီး ဒုတိယစစ်ဆေးမှု ကိုတော့ ရက်ပေါင်း၂၈ရက်အကြာမှာ ထပ်လုပ်သင့်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
 
အခုဒီစမ်းသပ်မှုတွေမှာ ပါဝင်ဖို့ လူ၈၀၀၀အထိ စာရင်းပေးထားတယ်လို့ ဗြိတိန်ကျန်းမာရေးလုံခြုံရေး အေဂျင်စီက ပြောတယ်လို့ စကိုင်းနယူး က သတင်းပေးပို့ထားပါတယ်။
Source: Reuters