Published-23 August 2021
ဖမ်းမိထားတဲ့ ဆင်တွေကို သူတို့ကိုယ်ပိုင် ဘိုင်အိုမက်ထရစ်သက်သေခံကတ်ပြားတွေ ထုတ်ပေးပြီး သူတို့ကို စီးနင်းထိန်းကျောင်းတဲ့ ဆင်ဦးစီးတွေကိုလည်း အလုပ်လုပ်နေရင်း အရက်မသောက်ကြဖို့ တားမြစ်မယ်လို့ သိရပါတယ်။ အဲဒါတွေကို အသစ်ပြဌာန်းထားတဲ့ ကျယ်ကျယ်ပြန့်ပြန့်အကြောင်းအရာတွေပါဝင်တဲ့ တိရိစ္ဆာန်များ အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။
 
ချမ်းသာတဲ့ သီရိလင်္ကာတော်တော်များများဟာ သူတို့ရဲ့ကြွယ်ဝမှုကို ကြွားချင်တဲ့အနေနဲ့ ဆင်တွေကို မွေးထာကြပါတယ်။ ဒါပေမယ့် ဆင်တွေကို ကောင်းကောင်းမစောင့်ရှောက်ဘဲ ရက်စက်စွာပြူမူ ဆက်ဆံတယ်ဆိုတဲ့ တိုင်တန်းမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့ပါတယ်။
 
စည်းမျဉ်းအသစ်တွေဟာ တိရိစ္ဆာန်တွေရဲ့ ပြုစုစောင့်ရှောက်ရေးကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး အလုပ်လုပ်နေရဲ့ ဆင်တွေအတွက် တင်းကြပ်တဲ့စည်းမျဉ်းတွေနှင့် တစ်နေ့ကို တစ်ကောင်စီကို မဖြစ်မနေ နှစ်နာရီခွဲရေချိုးပေးရမှာတွေလည်း ပါဝင်ပါတယ်။
 
သီရိလင်္ကာနိုင်ငံမှာ အိမ်မွေးဆင်ပေါင်း ၂၀၀ ကောင်ခန့် ရှိတယ်လို့ တရားဝင်မှတ်တမ်းများအရ သိရပါတယ်။ တောရိုင်း ဆင်တွေကတော့ အကောင်၇၅၀၀ခန့်ရှိပါတယ်။
တိရိစ္ဆာန်ပိုင်ရှိင်တွေဟာ တစ်ကောင်ချင်းစီအတွက် ဓာတ်ပုံနှင့် ဒီအင်န်အေတံဆိပ်ရိုက်ထားတဲ့ သက်သေခံကတ်တွေ ထားရှိရမှာဖြစ်ပြီး သူတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ဖို့ အာမခံကြရမှာလည်း ဖြစ်ပါတယ်။
 
အလုပ်လုပ်နေတဲ့ဆင်တွေအတွက် ဥပဒေအသစ်ထဲမှာ စည်းမျဉ်းပေါင်းများစွာ ထည့်သွင်းထားပါတယ်။
 
ဆင်ပေါက်ကလေးတွေကို အလုပ်လုပ်ခိုင်းတာ ယဉ်ကျေးမှုပွဲတော်လိုနေရာမျိုးမှာတောင် ဥပဒေသစ်က ခွင့်မပြုတော့ပါဘူး။ ပြီးတော့ မိခင်ဆင်မကြီးနှင့်လည်း ခွဲနေဖို့ ခွင့်မပြုပါဘူး။
သစ်ဆွဲတဲ့ဆင်တွေဟာ တစ်နေ့ကို လေးနာရီပဲ အလုပ်လုပ်ကြရမှာဖြစ်ပြီး ညဖက်အလုပ်ခိုင်းတာကို ခွင့်မပြုပါဘူး။
 
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်လည်း ကန့်သတ်မှုတွေက ဆက်စပ်နေပါတယ်။ ဆင်အပျော်စီးကြတဲ့ သူတွေဟာ ဆင်တစ်ကောင်ပေါ်ကို လူလေးယောက်ထက်ပိုပြီး တက်ခွင့်မရပါဘူး။
 
အသေအချာတပ်ဆင်ထားတဲ့ ကုန်းနှီးအပေါ်မှာပဲ တက်စီးကြရမှာဖြစ်ပါတယ်။
တိရိစ္ဆာန်ဆေးကုဆိုင်ရာ တင်းကြပ်တဲ့ ကြီးကြပ်မှုအောက်ကနေ အစိုးရရဲ့ ရုပ်သံထုတ်လုပ်မှုကလွဲပြီး ဆင်တွေအသုံးချနေပုံတွေကို ရုပ်သံရိုက်ကူးခွင့်မရှိပါဘူး။ ခြောက်လတစ်ကြိမ်ရောက်တိုင်း ပိုင်ရှင်တွေက သူတို့ရဲ့ တိရိစ္ဆာန်တွေကို ကျန်းမာရေးစစ်ဆေးးပေးဖို့လိုအပ်ပါတယ်။
 
ဥပဒေချိုးဖောက်ရင် အဲဒီဆင်တွေကို နိုင်ငံတော်က စောင့်ရှောက်ဖို့ သိမ်းယူမှာဖြစ်ပြီး ပိုင်ရှင်ကို ထောင်သုံးနှစ်အထိ အပြစ်ပေးလို့ရပါတယ်။ ဆင်ရိုင်းတွေကို ဖမ်းဆီးတဲ့အလုပ်ဟာ သီရိလင်္ကာမှာ ရာဇဝတ်မှုမြောက်ပြီး သေဒဏ်အထိ အပြစ်ပေးလို့ရပါတယ်။ဒါပေမယ့် ဥပဒေက အသက်ဝင်မှုမရှိလှပါဘူး။
 
ပြီးခဲ့တဲ့ ၁၅နှစ်လုံးလုံး အမျိုးသား သဘာဝဥယျဉ်ကနေ ဆင်ပေါက်တွေ အကောင်၄၀ကျော် အခိုးခံရတယ်လို့ တိရိစ္ဆာန် အခွင့်အရေးကာကွယ်သူများနှင့် ဆင်ကျွမ်းကျင်သူတွေက စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။
Source : AFP