Published-22 August 2021
မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီက က မလေးရှားမိသားစု အကျိုးအတွက် အမျိးသားပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုမှာ နိုင်ငံရေးအရ ကွဲနေတဲ့ ဘက် နှစ်ဘက်က အမတ်တွေအားလုံး စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းဆော်ဩလိုက်ပါတယ်။
 
တနင်္ဂနွေနေ့(ဩဂုတ်၂၂)ရက်မှာ သူက တိုင်းပြည်ကို ပထမဆုံး မိန့်ခွန်းပြောကြားရာမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို အမျိုးသားပြန်လည်ထူထောင်ရေးကောင်စီနှင့် ကိုဗစ်-၁၉ အထူးကော်မတီတွေမှာ ပါဝင်ပေးကြဖို့ ကမ်းလှမ်းလိုက်ပါတယ်။
 
“ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး အစိုးရအတွင်းထဲကပဲဖြစ်ဖြစ် အပြင်ကပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံ ပြန်လည်ထူထောင်ဖို့ကိစ္စမှာ ဝိုင်းလုပ်ကြဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်တွေနှင့် နှလုံးသားတွေကို ဖွင့်လိုက်ကြ၊ ကွဲပြားခြားနားမှုတွေကို မေ့ပစ်လိုက်ကြပြီး အလုပ်အတူတူလုပ်ကြရအောင်”လို့ သူကပြောပါတယ်။
 
“ ကျွန်တော်တို့မိသားစု၊ မလေးရှားမိသားစုကြီးရဲ့ လုံခြုံဘေးကင်းရေးအတွက် ကျွန်တော်တို့ တူညီတဲ့အခြေခံအချက်တွေရှာကြပြီး အများဆန္ဒတစ်ခုကို တည်ဆောက်ကြဖို့ လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။
 
ဝန်ကြီးချုပ်က “ မလေးရှားမိသားစု” ဆိုတဲ့ အယူအဆကို ကောက်ယူလိုက်ပါတယ်။ ဘာသာရေး၊လူမျိုးရေးတွေရဲ့ နယ်နိမိတ် သတ်မှတ်ချက်တွေကို ဖြတ်တောက်ပစ်ပြီး အားလုံးပါဝင်တဲ့ မိသားစု လို့ သူကပြောပါတယ်။
 
“အဲဒါကြောင့် အတိုက်အခံခေါင်းဆောင်တွေ အမျိုးသားပြန်လည်ထူထောင်ရေးကောင်စီနှင့် ကိုဗစ်-၁၉ အထူးကော်မတီမှာ ပါဝင်တဲ့ အခွင့်အရေးကို ကျွန်တော်ကမ်းလှမ်းလိုပါတယ်” လို့သူက အတိုက်အခံတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
 
နိုင်ငံရေးကသောင်းကနင်းဖြစ်မှုတွေ ဖိစီးနေတဲ့ နိုင်ငံကြောင့် ပြည်သူတွေ စိတ်သောက ရောက်ကြရတယ် လို့လည်း သူက ပြောလိုက်ပါတယ်။
Source :AFP