Published- 22 August 2021
အိန္ဒိယဆေးဝါးအာဏာပိုင်အဖွဲ့က ဇိုင်ဒတ်စ်ကက်ဒီလာက ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး မျိုးဗီဇ(DNA) ကိုဗစ်ကာကွယ်ဆေးကို အသက်၁၂နှစ် နှင့် အထက်တွေ အရေးပေါ် ထိုးနှံခွင့် ပြုလိုက်တယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
ဒီလိုခွင့်ပြုလိုက်ခြင်းကြောင့် ဒီဇင်ဘာမှာ ထိုးနှံခွင့်ရှိတဲ့ အရွယ်ရောက်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံအပြီးဖြစ်ရမယ်ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို မြှင့်တင်ပေးစေနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ အသက်၁၈နှစ်နှင့်အောက်လူငယ်တွေအတွက် ဒါဟာ ပထမဆုံးကာကွယ်ဆေးလည်း ဖြစ်ပါတယ်။
ဇိုင်ကော့ဒီ ZyCoV-D လို့အမည်ပေးထားတဲ အဲဒီ ဒီအင်န်အေကိုဗစ်ကာကွယ်ဆေးကို ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇအစိတ်အပိုင်းတစ်ခုကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဒီအင်နေအေပဲဖြစ်ဖြစ်၊ အာရ်အင်န်အေပဲ ဖြစ်ဖြစ် အဲဒီ မျိုးရိုးဗီဇအပိုင်းက ခုခံအားစနစ်ကမှတ်မိပြီး ပြန်တုန့်ပြန်တဲ့ ပရိုတိန်းတစ်မျိုးကို ပြုလုပ်ဖို့ ညွှန်ကြားပါတယ်။
ကာကွယ်ဆေးတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထိုးရတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအများစုနှင့် မတူတာက ဇိုင်ကော့ဒီဟာ သုံးကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။
ကာဒီလာ ကျန်းမာရေးစောင့်ရှောက်မှုလိမိတက် လို့ စာရင်းသွင်းထားတဲ့ မျိုးရိုးဗီဇ ဆေးထုတ်လုပ်သူအနေနှင့် နှစ်စဉ် ဇိုင်ကော့ဒီ ဆေးလုံးပေါင်း သန်း၁၀၀ကနေ သန်း၁၂၀ အထိ ထုတ်လုပ်ဖို့ရည်မှန်းထားပြီး ယခုဆိုကာကွယ်ဆေးတွေကို စပြီး စုဆောင်း နေပြီဖြစ်ပါတယ်။
ဆိုင်ဒတ်စ် ကက်ဒီလာရဲ့ ကာကွယ်ဆေးကို ဇီဝနည်းပညာဌာနှင့် ပူးတွဲ ထုတ်လုပ်တာ ဖြစ်ပြီးကိုဗက်ဇင်း ကာကွယ်ဆေး ပြီးရင် ဒုတိယမြောက် အရေးပေါ်သုံးခွင့်ပြုတဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေးလည်းဖြစ်ပါတယ်။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီက အခုကာကွယ်ဆေးဟာ မျိုးဗီဇကွဲသစ်ဖြစ်တဲ့ ဒယ်လ်တာအပေါ် ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။ ဒီကာကွယ်ဆေးကို သမားရိုးကျ ဆေးထိုးအပ်နှင့် ဆေးထိုးတာမျိုးမဟုတ်တဲ့ ဆေးထိုးအပ်မပါတဲ့ ဆေးထိုးသွင်းကိရိယာကို အသုံးပြု ထိုးနှံရမှာဖြစ်ပါတယ်။
လူဦးရေရဲ့ ၉.၁၈ ရာခိုင်နှုန်းပဲ ကာကွယ်ဆေးအပြည့်ထိုးရသေးတဲ့ အိန္ဒိယနိုင်ငံမှာ ဒီကာကွယ်ဆေးဟာ ခြောက်ခုမြောက်ခွင့်ပြုထားတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
ဇူလိုင်၁ရက်နေ့က ဇိုင်ကော့ဒီဟာ ခွင့်ပြုချက်ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ အိန္ဒိယနိုင်ငံအနှံ့က စေတနာဖြင့်ပါဝင်ကြသူ ၂၈၀၀၀ဦးနှင့် စမ်းသပ်ရာမှာ ကာကွယ်ဆေးရဲ့ ထိရောက်မှုက ၆၆.၆ ရာခိုင်နှုန်းရှိတယ်လို့တွေ့ရှိခဲ့ပြီး အဲဒီအပေါ် အခြေခံလို့ လျှောက်ထားခဲ့တာဖြစ်တယ်လို့ သတင်းကရေးသားပါတယ်။
Source: Reuters