Published-12 August 2021
ထိုင်းနိုင်ငံဟာ ပြည်တွင်းမှာ ဖော်စပ်ခဲ့တဲ့ နှာခေါင်းကိုဖျန်းရတဲ့ ကာကွယ်ဆေးကို ယခုနှစ်ကုန်ပိုင်းမှာ လူသားတွေနှင့် စတင်စမ်းသပ်တော့မယ်လို့ အစိုးရအရာရှိတစ်ဦးက ဩဂုတ် ၁၁ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့သတင်းကို စထရိတ်တိုင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။
 
အဲဒီနှာခေါင်းဖျန်းဆေးကို ကြွက်တွေနှင့် စမ်းသပ်တဲ့အခါမှာ အလားအလာရှိတဲ့ ရလဒ်ကောင်းတွေ ထွက်လာပြီးနောက် အခုလို လူသားနှင့်ဆက်လက်စမ်းသပ်မှာဖြစ်ပါတယ်။
အဲဒီကာကွယ်ဆေးတွေကို ထိုင်းနိုင်ငံအမျိုးသား မျိုးရိုးဗီဇအင်ဂျင်နီယာပညာနှင့် ဇီဝနည်းပညာဌာနက ဖော်စပ်တာဖြစ်ပြီး adenovirus နှင့် influenza တို့ကိုအခြေခံပြီးဖော်စပ်တယ်လို့ အစိုးရရဲ ဒုတိယပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရက်ချာဒါ သန်နာဒီရက်ကပြောပါတယ်။
 
ပထမအဆင့် လူသားနှင့်စမ်းသပ်တာကို အက်ဖ်ဒီအေက အတည်ပြုချက်ကို ဆိုင်းငံ့ထားတာကြောင့် ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ စတင်သင့်တယ်လို့ သူမကပြောပါတယ်။ စမ်းသပ်မှုမှာ ဒယ်လ်တာမျိုးဗီဇကွဲနှင့်ပါ စမ်းသပ်မှာဖြစ်ပါတယ်လို့ သူမက ဆက်ပြောပါတယ်။
 
ဒုတိယအဆင့် စမ်းသပ်မှုကို လာမယ့်နှစ် မတ်လခန့်မှာ ဆောင်ရွက်ဖို့နှင့် ရလဒ်တွေကောင်းမွန်ရင် ၂၀၂၂ခုနှစ် နှစ်လယ်လောက်မှာ ထုတ်လုပ်မှုကို ကျယ်ကျယ်ပြန့်ပြန့်စတင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
 
နှာခေါင်းအတွင်းဖျန်းတဲ့ကာကွယ်ဆေးတွေကို ကမ္ဘာအနှံ့က နိုင်ငံတွေမှာ သုတေသနပြလုပ်နေခဲ့ကြပါတယ်။ နှာခေါင်းရဲ့ အတွင်းခံနေရာဟာ ဗိုင်းရပ်စ် ဝင်ရောက်တဲ့ အဓိကနေရာဖြစ်နေတာကြောင့်ဖြစ်ပါတယ်။
 
ထိုင်းနိုင်ငံက ပြည်တွင်း အခြားကာကွယ်ဆေးတွေကတော့ ချူလာလွန်ကွန်တက္ကသိုလ်ရဲ့ အမ်အာရ်အင်န်အေ ကာကွယ်ဆေးနှင့် မဟီဒိုလ်တက္ကသိုလ်ရဲ့ inactivated virus အမျိုးအစားကာကွယ်ဆေးတို့ပဲဖြစ်ပါတယ်။ အဲဒီဆေးတွေကို ဒီလထဲမှာ ဒုတိယအဆင့် စမ်းသပ်မှုတွေ စတင်တော့မှာဖြစ်ပါတယ်။
 
ထိုင်းရဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံရဲ့ ဆိုင်နိုဗက်၊အက်စထရာဇင်နီကာနှင့် ဆီနိုဖမ်တို့အပေါ် အမှီပြုထား တာဖြစ်ပြီး ဆိုင်နိုဗက်နှစ်ကြိမ်ထိုးပြီးတဲ့ ရှေ့တန်းကျန်းမာရေးလုပ်သားတွေကိုတော့ တတိယမြောက်
အားမြှင့်ကာကွယ်ဆေးအဖြစ် ဖိုက်ဇာကို ထိုးနှံပေးနေပါတယ်။
 
ထိုင်းနိုင်ငံလူဦးရေ ၆၆သန်းရဲ့ ၆.၈ရာခိုင်နှုန်းဟာ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်အဝထိုးပြီးဖြစ်ကြောင်းသိရပါတယ်။
Source; Reuters