Published-12 August 2021
ဆိုးလ် ဩဂုတ်၁၂- တောင်ကိုးရီးယားကေပေါ့ပ် အဆိုတော်ဟောင်း ဆွန်းရီ( Seungri)ဟာ အလားအလာရှိတဲ့ ရင်းနှီးမြှပ်နှံသူတွေအတွက် ပြည့်တန်ဆာတွေရှာပေးတဲ့ပြစ်မှု ကျူးလွန်ကြောင်းတွေ့ရှိရလို့ တရားရုံးတစ်ခုက သူ့ကို ထောင်ဒဏ်(၃)နှစ်နှင့် ဒေါ်လာသုံးသန်းနီးပါး ဒဏ်ရိုက်ခဲ့ပါတယ်လို့ တောင်ကိုးရီးယား မီဒီယာတစ်ခုက သတင်းရေးသားပါတယ်။
 
သူ့ရဲ့အမည်ရင်းက လီဆောင်ဟွန်းဖြစ်ပြီး သူဟာ ပေါ့ပ်ကြယ်ပွင့်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနှင့် ရဲတွေပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံကြီးတစ်ခုမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့တာပါ။ သူဟာ အခွန်တိမ်ရှောင်မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ပြည့်တန်ဆာမှုတွေကို တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ဟိတ်ဟန်ကြီးလှတဲ့ ဂန်နမ်းရပ်ကွက်က ပြိုးပြိုးပျက်ပျက်အတောက်ပဆုံးကလပ်အချို့မှာ ပူးပေါင်းပါဝင် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
 
အသက် ၃၀ရှိပြီဖြစ်တဲ့ လီဟာ နာမည်ကြီး ဘစ်ဘန်း BIGBANG အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။သူ့ကိုစွဲချက်တင်ပြီး သိပ်မကြာခင်မှာ သူ့ဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ချိန်ရောက်လာပြီး သူ့အမှုကို စစ်တရားရုံးကိုလွှဲပေးခဲ့ရပါတယ်။
 
လီဟာ အမှု(၉)မှုကိုကျူးလွန်ခဲ့တယ်လို့ တရားရုံးက အမိန့်ချပါတယ်။ အဲဒီအထဲမှာ နိုက်ကလပ်တွေက ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာတွေ၊နိုင်ငံရပ်ခြားလောင်းကစားတာတွေနှင့် သူ့လုပ်ငန်းမှာရင်းနှီးမြှပ်နှံကြတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေအတွက် ပြည့်တန်ဆာရှာပေးတာတွေ ပါဝင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ သူ့နိုင်ငံသားတွေကို ကာဆီနိုတွေမှာ လောင်းကစားတာကို တားမြစ်ထားပါတယ်။ နိုင်ငံခြားမှာတောင် သွားကစားလို့ မရပါဘူးလို့ ယွန်ဟက် သတင်းက ဖော်ပြပါတယ်။
 
ဆိုးမြို့တောင်ပိုင်းက ယွန်ဂင်စစ်တရားရုံးကို လီဟာ ယူနီဖောင်းနှင့် ရောက်လာပါတယ်။ တရားရုံးက အမိန့်ချတဲ့အခါ သူက သူ့ခေါင်းကို ခါယမ်းပါတယ်။ သူ့ကို ကိုးရီးယားဝန် ၁.၁၅ဘီလျံ (အမေရိကန်ဒေါ်လာ၉၉၀၀၀၀)ဒဏ်ငွေပါရိုက်လိုက်တာပါ။
 
ရိုက်တာသတင်းဌာနက စစ်တရားရုံးနှင့် လီရဲ့ရှေ့နေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လီကတော့ သူ့ကိုစွဲတဲ့အမှုအများစုကို ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။
 
ယခုအရှုပ်တော်ပုံဟာ နိုက်ကလပ်တော်တော်များများကို ပတ်ချာရိုက်ဖြစ်သွားတာမို့ အခြားပေါ့ပ်ကြယ်ပွင့်တွေဖြစ်တဲ့ဂျွန် ဂျွန်းယောင်နှင့် ချွိုင် ဂျုန်း ဟွန်တို့အပေါ်လည်းရိုက်ခတ်သွားပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၉ခုနှစ်ကအမျိုးသမီးတစ်ဦးကို အု့ပ်စုလိုက် မတရားကျင့်ခဲ့ကြလို့ ထောင် ခြောက်နှစ်နှင့် ငါးနှစ်စီ အသီးသီးကျခံခဲ့ကြရတာဖြစ်ပါတယ်။
 
ဂျွန်းဟာ အဲဒီအဖြစ်အပျက်ကို ဗွီဒီယိုရိုက်ပြီး ဖြန့်ဝေခဲ့ပါတယ်။ လီကိုစစ်ဆေးရင်း အဲဒီကိစ္စပေါ်လာတာဖြစ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ ထောင်ဒဏ်တွေကို နောက်ပိုင်းမှာ လျှော့ချပေးခဲ့ပါတယ်။
 
၂၀၁၉ မတ်လမှာ အရှုပ်တော်ပုံမပေါ်ခင်အထိ လီအလုပ်လုပ်ခဲ့တဲ့ လီရဲ့အေဂျင်စီ ဝိုင်ဂျီအင်တာတိန်းမန့်ရဲ့ ယခုစီရင်ချက်အပေါ် မှတ်ချက်တော့ ချက်ခြင်းမရသေးပါဘူးလို့ ရိုက်တာက ရေးပါတယ်။
 
လီစာ ၂၀၀၆ခုနှစ် ဩဂုတ်လမှာ ဘစ်ဘန်က အဖွဲ့သားလေးဦးဖြစ်တဲ့ ဂျီ-ဒရက်ဂွန်၊တီ-အို-ပီ၊ တေယန်းနှင့် ဒေဆောင်းတို့နှင့် အတူ တရားဝင်ပွဲထုတ်ခဲပါတယ်။ အဲဒီလေးဦးကတော့ အရှုပ်တော်ပုံထဲ ငြိစွန်းခြင်းမရှိဘူးလို့သိရပါတယ်။
 
Sourceဂ Reuters 

Former K-pop singer jailed for three years over prostitution, fraud scandal