Published 16 April 2022

ကလေးသူငယ်တွေမှာ ပြင်းထန်တဲ့ အသည်းရောဂါတွေဖြစ်ပွားလာနေတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေကို နိုင်ငံတော်တော်  များများက ကျန်းမာရေးအရာရှိတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ အဲဒါဟာ အအေးမိရောဂါနှင့်ဆက်စပ်နေတဲ့ ဗိုင်းရပ်စ် တစ်မျိုးမျိုးကြောင့် ဆက်နွယ်နေဖွယ်ရှိတယ်လို့ သူတို့ကထင်ထားကြပါတယ်။

ကလေးသူငယ် အနည်းဆုံး၇၄ ဦးဟာ အသည်းရောင်အသားဝါ ဒါမှမဟုတ် အသည်းရောင်ရောဂါတစ်ခုခုဖြစ်နေကြတာကို ယူကေ က စုံစမ်းစစ်ဆေးနေပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ ပြောခဲ့ပါတယ်။ စပိန်မှာလည်း အလားတူ ဖြစ်ရပ်(၃)ခုနှင့် အိုင်ယာလန်မှာလည်း အနည်းငယ်ဖြစ်ပွားနေတာကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံကလည်း အလားတူရောဂါဖြစ်ပွားမှု(၉)ခုကို လေ့လာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျန်းမာရေး အရာရှိတွေကပြောပါတယ်။ ဖြစ်ပွားမှုအားလုံးဟာ အယ်လာဘားမားကပဲဖြစ်ပြီး အခြားနေရာတွေမှာပါ ဖြစ်နေသလားဆိုတာကို အရာရှိတွေက စောင့်ကြည့်နေပါတယ်။

“ ပြီးခဲ့တဲ့ တစ်လအတွင်း ဒီဖြစ်ရပ်တွေတိုးပွားလာနေပါတယ်။ ဒီလိုဖြစ်တာတွေကို တိုးမြှင့်ရှာကြည့်ရင် လာမယ့်ရက်တွေ အတွင်း ရောဂါဖြစ်သူတွေ တိုးလာဖွယ်ရှိတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရာရှိတွေက သတင်းထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။

အမေရိကန်မှာ အသည်းရောဂါခံစားရတဲ့ ကလေးတွေဟာ အသက်(၁)နှစ်မှ (၆)နှစ်အတွင်း ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲက (၂)ဦးဟာ အသည်းအစားထိုးကုသဖို့ လိုအပ်နေပါတယ်။ ဥရောပက ကလေးတွေဟာလည်း အဲဒီအသက်အပိုင်းအခြာထဲကပဲ ဖြစ်ပါတယ်။ အချို့ကတော့ အသက်နည်းနည်းကြီးတဲ့ကလေးတွေပါနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဒီလစောစောပိုင်းမှာ စကော့တလန်က ကလေးငယ်(၁၀)ဦးဟာ အသည်းပြဿနာတွေဖြစ်နေတာကို သိရှိပြီးနောက် မြင်တွေ့နေကျမဟုတ်တဲ့ အဲဒီရောဂါတွေကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ တစ်ယောက်ဟာ ဇန်နဝါရီလမှာ နေမကောင်းဖြစ်ပြီး ကျန်(၉)ဦးကတော့ မတ်လမှာ ဖြစ်ခဲ့ကြပါတယ်။ အားလုံးဟာ အသည်းအသန်ဖြစ်လာပြီးနောက် ဆေးရုံတင်လိုက်ရပါတယ်။ သူတို့ဟာ အသည်းရောင်ရောဂါဖြစ်နေတာကို တွေ့ကြရပါတယ်။

အသည်းဟာ အဟာရဓာတ်ကို ထုတ်လုပ်ပေးတယ်။ သွေးကိုစစ်ပေးတယ်။ ကူးစက်မှုကို တိုက်ခိုက်ပေးတယ်။ ရောဂါကူးစက်မှုတွေဟာ အသားဝါရောဂါ၊ဝမ်းပျက်ရောဂါ၊ဗိုက်အောင့်ရောဂါတွေဖြစ်စေတယ်။ အသည်းရောင်ရောဂါဟာ မကုသရင် အသက်အန္တရာယ်ရှိပါတယ်။

အဲဒီကစပြီး ဗြိတိန်ကျန်းမာရေးအရာရှိတွေက အနည်ဆုံး၆၄ဦး အသည်းရောဂါဖြစ်ကြတာတွေ့ကြရပါတယ်။ တစ်ယောက်မှ မသေဆုံးပေမယ့် (၆)ဦးဟာ အသည်းအစားထိုးဖို့လိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဓာတ်ခွဲခန်းစစ်ဆေးမှုများအရ အဲသလိုဖြစ်ရတာဟာ ပုံမှန်အားဖြင့် အသည်းရောဂါဖြစ်စေတတ်တဲ့ အေ၊ဘီ၊စီနှင့် အီးဗိုင်းရပ်စ်တို့ကြောင့်လည်း မဟုတ်ဘူးဆိုတာ သိရှိခဲ့ကြပါတယ်။ နိုင်ငံတကာခရီးသွားလာမှုနှင့် အခြားအကြောင်း အချက်တွေက ကလေးတွေကို ဒီအန္တရာယ်ဖြစ်စေခဲ့တာလားဆိုတာကိုတော့ သတိမပြုမိကြပါဘူးလို့ အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် လောလောဆယ်မှာတော့ adenoviruses အင်ဒီနိုဗိုင်းရပ်စ်ကူးစက်မှုတွေများလာတာတော့ သတိထားမိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

Adenoviruses ကဒါဇင်ကျော်ရှိပါတယ်။အဲဒီထဲက တော်တော်များများဟာ အအေးမိတဲ့ ရောဂါလက္ခဏာမျိုး ၊အဖျားရှိတာ၊လည်ချောင်းနာတာနှင့်မျက်စေ့နာတာတွေ ပြသတတ်ပါတယ်။ အချို့ကတော့ အခြားရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။အဲဒီအထဲမှာ ဝမ်းဗိုက်နှင့်အူတွေထဲရောင်ရမ်းတာတွေလည်းပါဝင်ပါတယ်။

Adenoviruses ဟာ ကလေးတွေဆီမှာ အသည်းရောင်ရောဂါဖြစ်တာနှင့် အရင်ကဆက်စပ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းနေတဲ့ ကလေးတွေမှာ အဖြစ်များတာပါ။‌

ရောဂါဖြစ်တဲ့ ကလေးတွေထဲက  အချို့ဆီမှာ အင်ဒီနိုဗိုင်းရပ်စ်တွေ့ရပြီး အချို့ဟာ ကိုဗစ်ကူးစက်ခံထားရတာတွေ့ရပါတယ်။ ဒါပေမယ့် သတ်သတ်မှတ်မှတ်ဗိုင်းရပ်စ်တွေနှင့် ဆက်စပ်နေသလားဆိုတာကို သိဖို့ ဓာတ်ခွဲခန်းအလုပ်တွေ ထပ်လုပ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ကလေးတွေဆီမှာ အသည်းရောင်ရောဂါဖြစ်လာတာ တိုးပွာလာတာကို နိုဝင်ဘာကတည်းက သတိထားမိခဲ့တယ်လို့ အယ်လာဘားမား ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ကူးစက်မှုတိုင်းဟာ Adenoviruses ကူးစက်တာချည်းဖြစ်ပြီး  အူရောင်ရမ်းမှုဖြစ်စေတတ်တဲ့ adenovirus 41 နှင့်ဆက်စပ်မှုကို အရာရှိတွေက စူးစမ်းလေ့လာနေပါတယ်။

အယ်လာဘားမားက ကလေးတွေအားလုံးကတော့ စိုးရိမ်စရာအခြေအနေမရှိဘူးလို့ သူတို့ကပြောပါတယ်။

Source AP