Published 16 April 2022

စင်္ကာပူဘဏ္ဍာရေးဝန်ကြီး လောရင့်ဝေါင်းဟာ စင်္ကာပူဝန်ကြီးချုပ်အဖြစ် နောင်မှာ သူ့အရိုက်အရာကိုဆက်ခံမည့်သူ ဖြစ်တယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ဧပြီ ၁၆ ရက် စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

စင်္ကာပူရဲ့ အာဏာရပါတီဖြစ်တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ(ပီအေပီ)ရဲ့ စတုတ္ထမျိုးဆက်သစ်ပါလို့ပြောကြတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဝေါင်းကို တင်မြှောက်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ သူ့ကို စင်္ကာပူရဲ့ ဝန်ကြီးချုပ်ဖြစ်လာစေဖို့ လမ်းခင်းပေးလိုက်တာဖြစ်ပါတယ်။

“ လောရင့်ကို ဝန်ကြီးချုပ်အဖြစ် ကျွန်တော့်နေရာဆက်ခံဖို့ အစီအစဉ်က (အကယ်လို့ ပီအေပီနိုင်ခဲ့ရင်) လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဒါမှမဟုတ်ရွေးကောက်ပွဲအပြီးဖြစ်လိမ့်ယ်။ ၂၀၂၅မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကြရဖို့ သေချာတယ်” လို့ စနေနေ့(ယနေ့)မှာ လီက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။

လီဟာ စင်္ကာပူကျွန်းနိုင်ငံကလေးရဲ့ လွတ်လပ်ရေးခေါင်းဆောင် လီကွမ်ယူရဲ့သားဖြစ်ပြီး ၂၀၀၄ခုနှစ်ကတည်းက စင်္ကာပူ ဝန်ကြီးချုပ်ဖြစ်နေသူပါ။

ချမ်းသာကြွယ်ဝတဲ့ စင်္ကပူမှာ တည်ငြိမ်မှုဟာ နိုင်ငံရဲ့ အဓိက အားသာချက်တွေထဲက တစ်ခုဖြစ်နေပါတယ်။ အဲဒါကြောင့် ဒေသတွင်းက ရင်းနှီးမြှပ်နှံသူတွေနှင့် စီးပွားရေးလုပ်ငန်းတွေအတွက်  လောကနိဗ္ဗာန်ဖြစ်နေပါတယ်။ နိုင်ငံရေးကသောင်းကနင်းဖြစ်တယ်ဆိုတာ စင်္ကာပူမှာ မြင်တွေ့နေကြ အရာမဟုတ်ပါဘူး။

အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝေါင်းဟာ ကိုဗစ်-၁၉ ကပ်ဘေးတစ်လျောက်မှာ မြို့ပြနိုင်ငံကလေးတစ်ခုသာဖြစ်တဲ့ စင်္ကာပူရဲ့စီးပွားရေးကို မောင်းနှင်ပေးနေသူဖြစ်ပါတယ်။သူဟာအစိုးရရဲ့ ကပ်ဘေးလုပ်ငန်းအဖွဲ့မှာ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားပါတယ်။အသက်၇၀ရှိပြီဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ်လီကို ဆက်ခံမည့်သူအဖြစ် အဲဒီကတည်းက ထင်ကြေးပေးခံရသူဖြစ်ပါတယ်။

စင်္ကာပူမှာ ခေါင်းဆောင်သစ်ဆက်ခံမှုကို လွတ်လပ်ရေးရပြီးကတည်းက ပီအေပီ ပါတီကပဲ စီမံလာခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် ဂရုတစ်စိုက်ကို အစီအစဉ်ချလုပ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ဒုဝန်ကြီးချုပ် ဟန်ဆွီကီးက ဘေးထွက်နေဖို့ မျှော်လင့်မထားတဲ့ဆုံးဖြတ်ချက်ကြောင့် လီရဲ့ ဆက်ခံသူ အစီအစဉ်ဟာ ပြတ်တောက်သွားခဲ့ရပါတယ်။

“ ကျွန်တော် အသက်(၇၀)ရှိပါပြီ။ သူအဆင်သင့်ဖြစ်တဲ့အခါ လောရင့်ကို ကျွန်တော်တာဝန်လွှဲပေးမယ်လို့ မျှော်လင့်ထားပါတယ်” လို့ လီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  လာမယ့်ရွေးကောက်ပွဲမှာ ပါတီကိုဦးဆောင်ဖို့ သူဖြစ်မလား ဝေါင်းဖြစ်မလားဆိုတာကိုတော့ နောက်ပိုင်းမှာဆုံးဖြတ်မယ်လို့ ဝန်ကြီးချုပ်လီကပြောပါတယ်။

Source: Reuters