#WorldHealth
Published - 08 April 2022


အင်းဆက်တွေမှာပါလာတတ်တဲ့ ရောဂါပိုးမွှားတွေဟာ အန္တရာယ်များတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး နောက်ထပ်ကပ်ရောဂါတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က သတိပေးလိုက်ပါတယ်။

အာဘိုဗိုင်းရပ်စ်အမျိုးအစားတွေဖြစ်တဲ့ ဇီကာဗိုင်းရပ်စ်၊ အသားဝါရောဂါဗိုင်းရပ်စ်၊ ချီကန်ဂူညာဗိုင်းရပ်စ်၊ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်တို့ဟာ ခြင်၊ မှက်စတဲ့ အင်းဆက်ပိုးမွှားတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။

ဒီအင်းဆက်ပိုးမွှားတွေဟာ နောက်ထပ်ကပ်ရောဂါဖြစ်ပွားလာနိုင်တဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပြီး သူတို့ရှင်သန်ရာ အပူပိုင်းဒေသတွေနဲ့ အပူလျော့ပိုင်းဒေသတွေက လူပေါင်း ၄ ဘီလီယံနီးပါးမှာ ကူးစက်ပျံ့ပွားနိုင်တာဖြစ်ပါတယ်။

ကိုဗစ်ရောဂါထပ်မံကူးစက်ပျံ့ပွားလာမှာကိုလည်း ကျွမ်းကျင်သူများက ကြိုတင်ကာကွယ်ဖို့ပြင်ဆင်နေကြပါတယ်။ ကိုဗစ်ကပ်ရောဂါပျံ့ပွားခြင်းဟာ အချိန် ၂ နှစ်ကျော်လာပြီဖြစ်ပေမယ့် တကယ်ပြင်းထန်တဲ့ရောဂါပျံ့ပွားမှုတွေနဲ့ သက်ရောက်မှုတွေကိုတော့ ထိရောက်စွာပြင်ဆင်ကာကွယ်နိုင်ခြင်းမရှိသေးကြောင်း WHO မှ ကူးစက်ရောဂါအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအဖွဲ့ မှ ညွှန်ကြားရေးမှူး ဒေါက်တာ'ဆဲလ်ဗီဘရီယန်း'က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

"၂၀၀၃ ခုနှစ်မှာ ဆားစ်ရောဂါနဲ့ ၂၀၀၉ ခုနှစ်မှာ အအေးမိတုပ်ကွေးကပ်ရောဂါတွေဖြစ်ပွားခဲ့ပြီးပါပြီ။ ဒါပေမဲ့ကျွန်မတို့ ပြင်ဆင်ကာကွယ်မှုတွေက လိုအပ်ချက်တွေရှိနေဆဲပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

အာဘိုဗိုင်းရပ်စ်အသစ်တစ်မျိုးကြောင့် နောက်ထပ်ကပ်ရောဂါတစ်ခုဖြစ်ပွားလာနိုင်ချေ အလွန်များပြီး တကယ်ဖြစ်လာနိုင်တဲ့ အထောက်အထားတွေမြင်တွေ့နေရကြောင်း ပြောပြပါတယ်။

အာဘိုဗိုင်းရပ်စ်တွေဟာ ပျံ့ပွားလွယ်ပြီး လက်ရှိမှာလည်း အပူပိုင်းဒေသနဲ့ အပူလျော့ပိုင်းဒေသတွေမှာ ပြည်သူတွေရဲ့ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိပါတယ်။

၂၀၀၀ ခုနှစ်တွေမှာ အသားဝါရောဂါကူးစက်မှုအဖြစ်များခဲ့ပြီး ၂၀၁၆ နောက်ပိုင်းမှာတော့ နိုင်ငံပေါင်း ၈၉ နိုင်ငံကျော်မှာ ဇီကာဗိုင်းရပ်စ်ပျံ့ပွားခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် နိုင်ငံပေါင်း ၁၃၀ ကျော်မှာ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၃၉၀ သန်းလောက် ကူးစက်ခံနေရပါတယ်။

အသားဝါရောဂါအတွက် ကာကွယ်ဆေးရှိပေမယ့် ကျန်တဲ့ရောဂါတွေအတွက် အထိရောက်ဆုံးကာကွယ်မှုကတော့ ခြင်ကိုက်မခံရအောင်နေဖို့ ဖြစ်ကြောင်း WHO က အကြံပြုထားပါတယ်။
Source: DailyMail