#WorldHealth
Published- 08 April 2022


ဖိုင်ဇာ-ဘိုင်အိုတက်ခ်ရဲ့ ကိုဗစ်ကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့် သက်ကြီးရွယ်အိုတွေမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းကိုကာကွယ်နိုင်ပေမယ့် ကာကွယ်နိုင်စွမ်းအာနိသင်က အချိန်တိုအတွင်းလျော့နည်းလာနိုင်ကြောင်း အစ္စရေးလ်မှာစမ်းသပ်တွေ့ရှိထားပါတယ်။

အားမြှင့်ကာကွယ်ဆေး booster ဒုတိယအကြိမ်ထိုးပြီး ၄ ပတ်အကြာမှာ ကာကွယ်နိုင်စွမ်းလျော့နည်းလာကြောင်း အစ္စရေးလ်သုတေသီတို့က နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။

ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်မှုနှုန်းကို ကာကွယ်နိုင်စွမ်းကတော့ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီး ၆ ပတ်အတွင်း ကျဆင်းသွားခြင်းမရှိပေမယ့် ဘယ်လောက်ကြာကြာတာရှည်ခံလဲဆိုတာကိုတော့ ထပ်မံလေ့လာသွားရဦးမှာဖြစ်ပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုလွှမ်းမိုးချိန် ဇန်နဝါရီ ၁၀ ရက်နေ့မှ မတ်လ ၂ ရက်နေ့အတွင်း အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာနရဲ့မှတ်တမ်းများထဲမှ အသက် ၆၀ အထက်လူပေါင်း ၁.၃ သန်းကိုလေ့လာခဲ့ကြပါတယ်။

အိုမီခရွန်မျိုးနွယ်ခွဲ BA.2 ကူးစက်မှုကာလအတွင်း အမေရိကန်က အသက် ၅၀ နဲ့အထက်လူကြီးတွေမှာ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးဖို့ ခွင့်ပြုလိုက်ပြီးနောက် အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)အဖွဲ့ က အားမြှင့်ကာကွယ်ဆေးထိုးနှံဖို့လိုအပ်ခြင်းရှိ/မရှိ ဗုဒ္ဓဟူးနေ့ကဆွေးနွေးခဲ့ကြပါတယ်။

ဥရောပကျန်းမာရေးဝန်ကြီးများကလည်း အသက် ၆၀ အထက်လူကြီးတွေမှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ ဥရောပနိုင်ငံများမှအစိုးရတွေကို တိုက်တွန်းထားပါတယ်။
အာရှဒေသမှာ တောင်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကာကွယ်ဆေးစတုတ္ထအကြိမ်စတင်ထိုးနှံခဲ့ပြီး စင်ကာပူကလည်း အသက် ၈၀ နဲ့အထက်သက်ကြီးရွယ်အိုတွေမှာ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အစ္စရေးလ်မှသုံးသပ်ပြထားတဲ့လေ့လာချက်အရ ဖိုင်ဇာ-ဘိုင်အိုတက်ခ်အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံထားတဲ့ လူကြီးတွေမှာ အားမြှင့်ကာကွယ်ဆေးတစ်ကြိမ်တည်းထိုးနှံထားတဲ့သူတွေထက် အသက်သေဆုံးမှုနှုန်းကို ၇၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးလ်မှာ ဇန်နဝါရီလက ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။
Source: Reuters