#WorldPolitics
Published - 08 April 2022

ယူကရိန်းနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကျူးလွန်ခဲ့တဲ့ ရုရှားနိုင်ငံကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှဆိုင်းငံ့ထုတ်ပယ်လိုက်ကြောင်း ကြာသပတေးနေ့က ကုလအထွေထွေညီလာခံမှာ ဆုံးဖြတ်လိုက်ပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ရုရှားကလည်း နိုင်ငံ ၄၇ နိုင်ငံပါဝင်တဲ့ ဂျီနီဗာအခြေစိုက်ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ မှ နှုတ်ထွက်ကြောင်း တုန့်ပြန်ကြေညာခဲ့ပါတယ်။
အမေရိကန်ကဦးဆောင်ပြီး ထိုအဆိုပြုချက်ကိုမဲဆန္ဒကောက်ခံခဲ့ရာမှာ ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂၄ မဲနဲ့ မဲမပေးသူ ၅၈ နိုင်ငံရှိခဲ့ပါတယ်။

၁၉၃ နိုင်ငံပါဝင်တဲ့အထွေထွေညီလာခံမှာ မဲမပေးသူတွေကိုဖယ်လိုက်ပါက နိုင်ငံပေါင်း ၃ ပုံ ၂ ပုံလောက်က ရုရှားကိုထုတ်ပယ်ဖို့ ဆန္ဒပြုခဲ့ကြတာဖြစ်ပါတယ်။

မဲခွဲဆုံးဖြတ်အပြီးမှာတော့ ရုရှားမှကုလလက်ထောက်သံအမတ်'ဂျန်နာဒီကုဇ်မင်'က ဒီဆုံးဖြတ်ချက်ဟာ တရားမဝင်ဘဲ နိုင်ငံရေးလှုံ့ဆော်တဲ့ခြေလှမ်းဖြစ်ပြီး ရုရှားကလည်း လူ့အခွင့်အရေးကောင်စီကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောကြားလိုက်ပါတယ်။

ထို့ နောက် ယူကရိန်းမှ ကုလသံအမတ်'ဆာဂျီကစ္စလစ္စယာ'က "အထုတ်ခံရတဲ့သူက နှုတ်ထွက်မယ်လို့ ကြေညာစရာမလိုပါဘူး" လို့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ကြာသပတေးနေ့ကဆုံးဖြတ်ခဲ့တဲ့ အတည်ပြုချက်အရ အထွေထွေညီလာခံက ဆိုင်းငံ့ထုတ်ပယ်ခြင်းကို နောက်ပိုင်းမှာပြန်လည်ပယ်ဖျက်ပေးလို့ ရနိုင်ပေမယ့် ရုရှားကနှုတ်ထွက်လိုက်တဲ့အတွက် အခုအချိန်မှာတော့ ဆုံးဖြတ်ချက်ကိုပြင်ဆင်လို့ မရတော့ပါဘူး။

၂၀၁၈ ခုနှစ်တုန်းက အစ္စရေးလ်မှာပြဿနာဖြစ်ပွားခဲ့တဲ့အမေရိကန်ဟာလည်း ဆိုင်းငံ့ခံလိုက်ရပြီးနောက် ပြန်လည်ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်ကို ကောင်စီကနေပြန်လည်ရွေးချယ်ခဲ့တာကြောင့် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်တွေက ရှားပါးတဲ့အခြေအနေဖြစ်ပါတယ်။

လစ်ဗျားခေါင်းဆောင်'မူအမ်မာဂဒါဖီ'နဲ့သူ့ရဲ့စစ်တပ်က ဆန္ဒပြသူတွေကိုအကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် ၂၀၁၁ ခုနှစ်မှာ လစ်ဗျားကို ဆိုင်းငံ့ခဲ့ဖူးပါတယ်။

စစ်ဘေးဒဏ်ခံနေရသူတွေနဲ့ အသက်ရှင်ကျန်ရစ်နေသူတွေကို လစ်လျူရှုထားမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂကရှင်းရှင်းလင်းလင်းအသိပေးလိုက်တဲ့သဘောဖြစ်ကြောင်း ကုလဆိုင်ရာအမေရိကန်သံအမတ်'လင်ဒါသောမတ်စ်ဂရင်းဖီးလ်'က ပြောကြားလိုက်ပါတယ်။

"လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေတဲ့သူအတွက် ကုလလူ့အခွင့်အရေးကောင်စီမှာ နေရာပေးသွားမှာမဟုတ်ပါဘူး" လို့ မိန့်ခွန်းပြောကြားသွားပါတယ်။
ဒါဟာ ကုလကနေ အရေးကြီးတဲ့နိုင်ငံရေးကိစ္စဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးတွေလည်း ပြုလုပ်သွားနိုင်ပါတယ်။

ယူကရိန်းနိုင်ငံအတွင်း စစ်ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေကို ပြီးခဲ့တဲ့လကစပြီး စုံစမ်းစစ်ဆေးနေကြပါတယ်။

ကြာသပတေးနေ့ကချမှတ်လိုက်တဲ့ အစည်းအဝေးအဆိုပြုချက်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ရုရှားတို့ ကျူးကျော်ပြီးတဲ့နောက်ပိုင်း အထွေထွေညီလာခံမှ တတိယအကြိမ်မြောက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကြိမ်တုန်းက ရုရှားကိုရှုတ်ချဖို့ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ကြရာမှာ ၁၄၁ နိုင်ငံပါဝင်ခဲ့ပြီး ထောက်ခံမဲ ၁၄၀ မဲရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံကပြီးခဲ့တဲ့အထွေထွေညီလာခံနှစ်ကြိမ်တုန်းက မဲမပေးဖို့ ဆုံးဖြတ်ခဲ့ပြီး အခုတကြိမ်မှာတော့ ကန့်ကွက်မဲပေးခဲ့ပါတယ်။

"အထွေထွေညီလာခံမှာ အခုလိုအလျင်စလိုဆုံးဖြတ်လိုက်တာဟာ အဖွဲ့ ဝင်နိုင်ငံတွေကြား သွေးကွဲလာနိုင်ပါတယ်။ မီးတောက်ထဲကို လောင်စာထည့်လိုက်သလိုပါပဲ" လို့ တရုတ်မှ ကုလသံအမတ်'ဂျောင်ကျန်'က မဲမပေးခင်မှာပြောကြားလိုက်ပါတယ်။

ထောက်ခံမဲပေးတဲ့နိုင်ငံတွေနဲ့ မဲမပေးတဲ့နိုင်ငံတွေကို ရုရှားနဲ့ဆက်ဆံရေးအဆင်မပြေတဲ့နိုင်ငံများအဖြစ် သတ်မှတ်သွားမယ်လို့ ရုရှားကသတိပေးလိုက်ပါတယ်။
Source: Reuters