#WorldPolitics
Published - 01 April 2022
ရုရှားနိုင်ငံမှဓာတ်ငွေ့များဝယ်ယူသူတွေအနေနဲ့ ဧပြီ ၁ ရက်နေ့(သောကြောနေ့)ကစတင်ကာ ရုရှားငွေရူဘယ်လ်ဖြင့်ဝယ်ယူပေးချေရမှာဖြစ်ပြီး ရူဘယ်လ်ဖြင့်မပေးချေနိုင်ပါက ဓာတ်ငွေ့ထောက်ပံ့မှုရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က သတ်မှတ်ပြောကြားလိုက်ပါတယ်။

'ပူတင်'ရဲ့မိန့်ကြားချက်ကို ဥရောပမြို့ကြီးတွေက ငြင်းပယ်လိုက်ကြပြီး ဒါဟာ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဂျာမနီတို့ကပြောဆိုလိုက်ပါတယ်။ ကြာသပတေးနေ့ကထုတ်ပြန်လိုက်တဲ့ 'ပူတင်'ရဲ့အမိန့်ကြောင့် ဥရောပအနေနဲ့ ဓာတ်ငွေ့ရရှိမှု ၃ ပုံ ၁ ပုံကျော်ကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

ဥရောပရဲ့စီးပွားရေးအင်အားအကြီးဆုံးဂျာမနီနိုင်ငံက ဓာတ်ငွေ့ရရှိဖို့ ရုရှားကိုအလွန်အမင်းမှီခိုနေရတာကြောင့် အခုဆိုရင် ဓာတ်ငွေ့ကိုခွဲတမ်းနဲ့အသုံးပြုဖို့ အရေးပေါ်အစီအစဉ်တွေစတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ရုရှားတို့ကယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် အနောက်နိုင်ငံတွေက ရုရှားဘဏ်တွေ၊ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အစိုးရနဲ့ဆက်စပ်တဲ့သူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြင်းပြင်းထန်ထန်ချမှတ်ခဲ့ပါတယ်။

ထိုဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတုန့်ပြန်ဖို့ 'ပူတင်'ကစွမ်းအင်လောင်စာတင်ပို့ခြင်းကဏ္ဍကို အဓိကအားထားလျက်ရှိပါတယ်။

"ရုရှားမှဓာတ်ငွေ့ဝယ်ယူမယ်ဆိုရင် ရုရှားဘဏ်တွေမှာ ရူဘယ်လ်အကောင့်စာရင်းဖွင့်ဖို့လိုပါတယ်။ ဧပြီ ၁ ရက်နေ့ကစပြီး ဓာတ်ငွေ့ဝယ်ယူမယ့်သူတွေ ဒီအကောင့်စာရင်းတွေကနေ ပေးချေရမှာဖြစ်ပါတယ်" လို့ 'ပူတင်'က ပြောကြားခဲ့ပါတယ်။

"ဒီလိုမျိုးမပေးချေဘူးဆိုရင် ဓာတ်ငွေ့ဝယ်ယူတယ်လို့ သတ်မှတ်မှာမဟုတ်ပါဘူး။ ဘယ်သူကမှ ပစ္စည်းတွေကိုအလကားမရောင်းကြသလို ကျုပ်တို့ကလည်း အလှူလုပ်နေတာမဟုတ်ပါဘူး။ ရူဘယ်လ်နဲ့မပေးချေဘူးဆိုရင် လက်ရှိစာချုပ်တွေရပ်ဆိုင်းသွားမှာပါ" လို့ ရုပ်သံကနေပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ထုတ်ပြန်ချက်ကိုတုန့်ပြန်ဖို့ အီတလီက ဥရောပနိုင်ငံတွေနဲ့ ဆက်သွယ်ထားကြောင်းဆိုလိုက်ပြီး ရုရှားဓာတ်ငွေ့ပြတ်တောက်သွားလျှင် အရန်ဓာတ်ငွေ့သိုလှောင်ရေးဖြင့် စီးပွားရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောကြားလိုက်ပါတယ်။
ဂျာမနီမှစွမ်းအင်ကုမ္ပဏီတွေကလည်း ဘာလင်နဲ့နီးနီးစပ်စပ်ဆွေးနွေးလျက်ရှိပြီး ရုရှားဓာတ်ငွေ့ထောက်ပံ့မှုရပ်တန့်သွားရင် နောက်ထပ်လမ်းကြောင်းဖြင့်ရယူသုံးစွဲဖို့ တိုင်ပင်နေကြပါတယ်။

ဓာတ်ငွေ့ဝယ်ယူမယ့်သူတွေက ရုရှားနိုင်ငံပိုင် Gazprom ဘဏ်မှာ အကောင့်စာရင်းဖွင့်ပြီးဝယ်ယူရမှာဖြစ်ပါတယ်။ Gazprom ဘဏ်က ဓာတ်ငွေ့ဝယ်ယူသူတွေကိုယ်စား ရူဘယ်လ်ငွေဝယ်ယူပေးမှာဖြစ်ပါတယ်။

ဧပြီလအတွင်းဓာတ်ငွေ့ထောက်ပံ့မှုအတွက် စာချုပ်အချို့မှာ ဧပြီလလယ် သို့မဟုတ် မေလမှစတင်သက်ရောက်မှာဖြစ်တာကြောင့် ဓာတ်ငွေ့ထောက်ပံ့မှုချက်ချင်းရပ်ဆိုင်းသွားမှာမဟုတ်ဘူးလို့ ယူဆရကြောင်း သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကိုစတင်ကျူးကျော်ကတည်းက ရုရှားငွေရူဘယ်လ်တန်ဖိုးစံချိန်တင်ကျဆင်းခဲ့တာကြောင့် တန်ဖိုးပြန်တက်လာအောင် ရူဘယ်လ်ငွေဖြင့်ပေးချေခိုင်းဖို့ 'ပူတင်'ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အနောက်နိုင်ငံများမှ အစိုးရတွေနဲ့ကုမ္ပဏီတွေကတော့ ဓာတ်ငွေ့ဝယ်ယူဖို့ စာချုပ်မှာ ငွေကြေးပြောင်းလဲပေးချေဖို့ အချက်ကို ငြင်းပယ်လိုက်ကြပါတယ်။

ရူဘယ်လ်ဖြင့်ပေးချေရမယ်ဆိုရင် အနောက်နိုင်ငံတွေမှအရေးယူချမှတ်ထားတဲ့ ရုရှားနိုင်ငံအပေါ်နိုင်ငံခြားငွေလဲလှယ်ခွင့်ပိတ်ပင်ခြင်းဟာ ထိရောက်မှုရှိတော့မှာမဟုတ်ပါဘူး။
ပြင်သစ်နဲ့ဂျာမနီတို့ ကတော့ ရုရှားဓာတ်ငွေ့ထောက်ပံ့မှုရပ်ဆိုင်းသွားနိုင်တဲ့အခြေအနေအပေါ် ကြိုတင်ပြင်ဆင်နေကြကြောင်း ပြင်သစ်စီးပွားရေးဝန်ကြီး'ဘရူနိုလီမိုင်ရာ'က ဆိုလိုက်ပါတယ်။

အနောက်နိုင်ငံက စီးပွားရေးနဲ့ဘဏ္ဍာရေးကဏ္ဍတွေကို အဓိကလက်ကိုင်တုတ်အဖြစ်အသုံးပြုနေပြီး ရုရှားမှာ ဒေါ်လာနဲ့ယူရိုငွေအသုံးပြုခြင်းရပ်ဆိုင်းလိုက်တာကြောင့် ထိုငွေများဖြင့်ဆက်လက်ရောင်းချသွားဖို့ မဖြစ်နိုင်ကြောင်း 'ပူတင်'က ပြောကြားခဲ့ပါတယ်။

သူတို့ကိုယ်တိုင်ရပ်ဆိုင်းလိုက်တဲ့ယူရိုငွေတွေနဲ့သာ ဆက်ပြီးရောင်းနေရမယ်ဆိုရင် ဥရောပကို ဓာတ်ငွေ့အလကားရောင်းချနေရသလိုဖြစ်နေကြောင်း ပြောကြားသွားပါတယ်။

ဒါပေမဲ့လည်း ရုရှားတို့က သူတို့ရဲ့စီးပွားရေးဂုဏ်သိက္ခာကိုတန်ဖိုးထားပြီး လက်ရှိစာချုပ်များအရ ဓာတ်ငွေ့ထောက်ပံ့ရေးတာဝန်ကျေအောင် ဆက်လက်လုပ်ဆောင်သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။
Source: Reuters