#WorldHealth
Published- 1 April 2022


လုံလောက်စွာအိပ်စက်အနားယူခြင်းမရှိပါက အဆီစုပုံလာနိုင်ပြီး အထူးသဖြင့် ဝမ်းဗိုက်မှာအဆီထွက်လာနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။ စမ်းသပ်မှုပြုလုပ်ရာမှာ ကျန်းမာရေးကောင်းမွန်ပြီး အဆီမများတဲ့လူ ၁၂ ယောက်ကို ၂၁ ရက်အတွင်း လေ့လာစမ်းသပ်ခဲ့ကြပါတယ်။

အဲဒီနောက် အိပ်ချိန်အနည်းငယ်သာပေးထားတဲ့လူတွေမှာ ဝမ်းဗိုက်အဆီထွက်လာခြင်း ၉ ရာခိုင်နှုန်းပိုများလာပြီး ဝမ်းဗိုက်အတွင်းသားထဲအဆီစုပုံလာခြင်း ၁၁ ရာခိုင်နှုန်းပိုများလာတာကို တွေ့ရှိခဲ့ရပါတယ်။

ဝမ်းဗိုက်အတွင်းရှိ အတွင်းအင်္ဂါတွေနားမှာ အဆီစုပုံလာခြင်းဖြင့် နှလုံးရောဂါနဲ့ ဇီဝကမ္မဖြစ်စဉ်မူမမှန်ခြင်းများ ဖြစ်ပေါ်လာတတ်ကြောင်း အရင်ကတည်းက သိရှိထားပါတယ်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်အရေပြားအောက်မှာ အဆီစုပုံလာတတ်ပေမယ့် အိပ်ရေးမဝတဲ့အခါမှာတော့ အတွင်းအင်္ဂါတွေနားက ဝမ်းတွင်းနေရာတွေမှာပါ အဆီတွေရောက်ရှိလာတာဖြစ်ပြီး ကျန်းမာရေးပိုမိုထိခိုက်စေနိုင်ပါတယ်။

နောက်ထပ်သတိထားရမှာက အိပ်ရေးပျက်ပြီးနောက် အိပ်ရေးဝအောင်အစားထိုးအိပ်စက်ခြင်းဖြင့် ကယ်လိုရီတိုးမလာနိုင်ပေမယ့် ဝမ်းတွင်းအဆီတွေကတော့ ဆက်လက်စုပုံနေဆဲဖြစ်ပါတယ်။

ဒါကြောင့် အိပ်ရေးမဝခြင်းက ဝမ်းတွင်းအဆီစုပုံခြင်းဖြစ်ပေါ်စေပြီး အစားထိုးအိပ်စက်ခြင်းဖြင့် ဝမ်းတွင်းအဆီစုပုံလာခြင်းကို ပြန်လည်လျော့ကျစေမှာမဟုတ်ကြောင်း မင်နီဆိုတာရှိ မိုင်ယိုဆေးခန်းမှ နှလုံးအထူးကု'ဗာရန်းဆိုမာစ်'က ပြောကြားသွားပါတယ်။

ဝမ်းတွင်းအဆီစုပုံခြင်းကို စီတီစကင်ဖြင့်သာရှာဖွေတွေ့ရှိနိုင်ပြီး ကိုယ်အလေးချိန်တက်တဲ့အခါမှာလည်း တစ်ပေါင်ခန့်သာများလာတာကြောင့် မသိရှိဘဲဖြစ်နေတတ်ကြပါတယ်။
ဝမ်းဗိုက်မှာအဆီစုပုံလာခြင်းကို သိရှိဖိုခက်ခဲတာကြောင့် ကျန်းမာရေးအတွက်ပိုပြီးအန္တရာယ်ရှိစေပါတယ်။

ဦးနှောက်လုပ်ဆောင်ချက်တွေ၊ ခန္ဓာကိုယ်ရေဓာတ်ထိန်းသိမ်းခြင်းတွေ၊ အတိတ်မေ့ခြင်းမဖြစ်အောင် ကာကွယ်ခြင်းတွေ၊ အခြားစိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေမှာ အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်းက အရေးကြီးလှပါတယ်။
ယခုလေ့လာတွေ့ရှိချက်များအရ အိပ်ရေးပျက်တဲ့အခါ နောက်ထပ်ဆိုးကျိုးတွေပါဖြစ်ပေါ်လာနိုင်ကြောင်း သိရှိလာရပါတယ်။

ဝမ်းဗိုက်အဆီထွက်ခြင်းကိုကာကွယ်ဖို့ အတွက် အိပ်ချိန်မှန်ကန်စွာနဲ့ အိပ်ရေးဝအောင်အိပ်ဖို့လိုအပ်တဲ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ စားသောက်ခြင်းတို့ဖြင့် ထိန်းသိမ်းဖို့ကိုလည်း သုတေသီများကအကြံပြုထားပါတယ်။
ရေရှည်မှာ အိပ်ရေးပျက်ခြင်းကြောင့် အဝလွန်ခြင်း၊ နှလုံးသွေးကြောရောဂါနဲ့ ဇီဝကမ္မဖြစ်စဉ်ရောဂါများဖြစ်ပွားလာနိုင်ကြောင်း သတိထားဖို့ လိုအပ်ပါတယ်။
Source: ScienceAlert