#WorldHealth
Published - 1 April 2022
ကိုဗစ်ရောဂါနဲ့ တုပ်ကွေးရောဂါတပြိုင်တည်းဖြစ်ပွားခြင်းက ကိုဗစ်ရောဂါတစ်မျိုးတည်းဖြစ်ပွားခြင်းထက် ရောဂါလက္ခဏာ ပိုမိုဆိုးရွားနိုင်ပြီး အသက်အန္တရာယ်ပိုများကြောင်း သုတေသီများက The Lancet ဂျာနယ်မှာ သောကြာနေ့ကဖော်ပြခဲ့ပါတယ်။

ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ကုသခံနေရတဲ့လူနာ ၇,၀၀၀ နီးပါးကို စမ်းသပ်လေ့လာခဲ့ကြရာ ရောဂါနှစ်မျိုးစလုံးကူးစက်ခံနေရသူ ၂၂၇ ဦးပါဝင်ခဲ့ပါတယ်။

SARS-CoV-2 ဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ်နှစ်မျိုးစလုံးကူးစက်နေတဲ့သူတွေဟာ ကိုဗစ်ရောဂါတစ်မျိုးတည်းဖြစ်ပွားတဲ့သူတွေနဲ့ယှဉ်ရင် အသက်ရှူကိရိယာလိုအပ်မှု ၄ ဆပိုများပြီး အသက်သေဆုံးနိုင်မှု ၂.၄ ဆပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါဗိုင်းရပ်စ်နှစ်မျိုးတပြိုင်တည်းကူးစက်ခြင်းက အလွန်အန္တရာယ်များကြောင်း အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ဒေါက်တာ'ကန်းနက်ဘေလီ'က ပြောပြခဲ့ပါတယ်။

"ကိုဗစ်ဗိုင်းရပ်စ်က တုပ်ကွေးဗိုင်းရပ်စ်နဲ့ပါရောပြီး ကူးစက်လာနိုင်ပါတယ်။ ဒါကြောင့် ဆေးရုံပေါ်ကကိုဗစ်လူနာတွေကို ဆေးစစ်စမ်းသပ်ဖို့ အစီအစဉ်ပြောင်းလဲသတ်မှတ်သင့်ပြီး တုပ်ကွေးရောဂါကိုလည်း ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးသင့်ပါတယ်" လို့ 'ဘေလီ'က ဖော်ပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေးတို့ က အမျိုးအစားမတူညီတာကြောင့် လူတွေအနေနဲ့ ကာကွယ်ဆေးနှစ်မျိုးစလုံးထိုးနှံထားသင့်ကြောင်း အင်ပီရီယယ်ကောလိပ်လန်ဒန်မှ ဒေါက်တာ'ပီတာအိုပင်ရှော'က ထည့်လောင်းပြောကြားသွားပါတယ်။
Source: Reuters