#WorldHealth
Published - 26 March 2022


အမျိုးသားများအသုံးပြုနိုင်မယ့် သန္ဓေတားဆေးဖော်ထုတ်နိုင်ဖို့ နှစ်ပေါင်းများစွာကြိုးပမ်းမျှော်လင့်ထားကြရာ အခုအခါလက်တွေ့ထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ကိုယ်ဝန်ရရှိနိုင်ချေကို ၉၉ ရာခိုင်နှုန်းလျှော့ချပေးနိုင်ခြင်းဖြင့် အမျိုးသမီးသန္ဓေတားဆေးများကဲ့သို့ ထိရောက်မှုရှိနေမှာဖြစ်ပါတယ်။

YCT529 လို့ခေါ်တဲ့ အဆိုပါတားဆေးဟာ ဟော်မုန်းမပါဝင်တဲ့ဆေးဖြစ်ပြီး ကြွက်များနဲ့စမ်းသပ်ခဲ့ရာမှာ ထင်ရှားတဲ့ဘေးထွက်ဆိုးကျိုးမတွေ့ခဲ့ရပါဘူး။ ကြွက်တွေမှာ တားဆေးအသုံးပြုနေခြင်းကိုရပ်တန့်ပြီးနောက် ၄ ပတ်မှ ၆ ပတ်အတွင်း သန္ဓေအောင်နိုင်ချေပြန်လည်ရရှိလာခဲ့ပါတယ်။

ဒီဆေးဟာ သုတ်ပိုးဖြစ်ပေါ်စေတဲ့ပရိုတိန်းတစ်မျိုးကို တားဆီးပိတ်ပင်ခြင်းဖြင့် သန္ဓေတားခြင်းပြုလုပ်ပေးတာဖြစ်ပါတယ်။ မင်နီဆိုတာတက္ကသိုလ်မှ သုတေသီတွေက ယခုနှစ်နှောင်းပိုင်းမှာ လူသားတွေနဲ့စမ်းသပ်ဖို့ စီစဉ်နေကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက လူသားတွေနဲ့စမ်းသပ်ဖူးတဲ့ဆေးတွေရှိခဲ့ပေမယ့် YCT529 ကတော့ အမျိုးသားသန္ဓေတားဆေးတွေထဲမှာ ရှေ့အရောက်ဆုံးဖြစ်နေပါတယ်လို့ ပရော်ဖက်ဆာ'ဂန်ဒါဂျော့ဂျ်'က ပြောပြပါတယ်။

သိပ္ပံပညာရှင်တွေဟာ ၁၉၅၀ ခုနှစ်တွေကတည်းက သောက်ဆေး၊ ဂျယ်လ်၊ ထိုးဆေးတို့ ဖြင့် အမျိုးသားတွေအတွက် ထိရောက်တဲ့သန္ဓေတားဆေး ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အမျိုးသမီးတွေမှာ တားဆေးတွေက တစ်လတစ်ခါမျိုးဥကြွေတာကို တားဆီးခြင်းဖြင့် ကိုယ်ဝန်မရရှိအောင်ပြုလုပ်ပေးပါတယ်။ အမျိုးသားတွေမှာတော့ သုတ်ပိုးတွေနေ့စဉ်သန်းနဲ့ချီပြီးထွက်ရှိနေတာကို တားဆီးရမှာဖြစ်ပါတယ်။

အရင်ကစမ်းသပ်ခဲ့တဲ့အမျိုးသားသန္ဓေတားဆေးတွေဟာ ကျားဟော်မုန်းတက်စတိုစထရုန်းကို တားဆီးပေးပြီး သုတ်ပိုးဆဲလ်တွေထုတ်လုပ်မှုလျော့ကျသွားအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။

ဒါပေမဲ့ တက်စတိုစထရုန်းဟော်မုန်းကိုတားဆီးခြင်းက အမျိုးသားတွေမှာ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကိုလက်စထရောတက်ခြင်းများ ဖြစ်ပွားနိုင်ပါတယ်။
ဒီလိုဘေးထွက်ဆိုးကျိုးတွေမဖြစ်ပေါ်စေဖို့ ဟော်မုန်းမပါဝင်တဲ့ အမျိုးသားသန္ဓေတားဆေးကို ထုတ်လုပ်ချင်ခဲ့တာဖြစ်ကြောင်း YCT529 ဆေးထုတ်လုပ်ရေးမှာပါဝင်တဲ့ 'အက်ဘ်ဒူလာအယ်နိုမန်'က ပြောကြားခဲ့ပါတယ်။

အမျိုးသားတွေမှာ ကွန်ဒုံးအသုံးပြုခြင်းနဲ့ သားကြောဖြတ်ခြင်းတို့ ဖြင့်သာ သန္ဓေတားလို့ ရနေတာဖြစ်ပါတယ်။ အမျိုးသမီးတွေအသုံးပြုတဲ့သန္ဓေတားဆေးက ထိရောက်မှုရှိပြီး သုံးစွဲမှုရပ်တန့်လိုက်ရင် ကိုယ်ဝန်ပြန်ရနိုင်ချေရှိနေတာကြောင့် အမျိုးသားတွေအတွက်လည်း ဒီလိုဆေးမျိုးလိုအပ်နေပါတယ်။

ဒီဆေးက တိရိစာ္ဆန်တွေနဲ့စမ်းသပ်ရာမှာ ထိရောက်မှုရှိပေမယ့် လူသားတွေနဲ့စမ်းသပ်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ခန့်မှန်းရခက်နေပါတယ်လို့ ပရော်ဖက်ဆာ'ဂျော့ဂျ်'ကဆိုပါတယ်။

အမျိုးသားသန္ဓေတားဆေး စမ်းသပ်ထုတ်လုပ်နိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလိုအပ်နေပါတယ်လို့ ပြောကြားသွားပါတယ်။
Source: DailyMail