#WorldPolitics
Published - 26 March 2022


မြောက်ကိုရီးယားနိုင်ငံက ယခုအပတ်အတွင်း တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ရာ နောက်ထပ် မထီမဲ့မြင် ရန်ဆွခြင်းတွေဖြစ်ပေါ်မလာအောင် တရုတ်နဲ့ရုရှားတို့ အနေနဲ့ မြောက်ကိုရီးယားကိုသတိပေးသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ 'ယယ်လီနာပေါ်တာ'က သောကြာနေ့မှာပြောကြားလိုက်ပါတယ်။

"နောက်ထပ်ရန်ဆွပေးခြင်းမျိုးတွေဖြစ်မလာအောင် တရုတ်နဲ့ရုရှားတို့ အနေနဲ့ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန်သတိပေးသင့်ပါတယ်" လို့ 'ပေါ်တာ'က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပွဲမတိုင်ခင် မီဒီယာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မြောက်ကိုရီးယားတို့က သောကြာနေ့မှာ တိုက်ချင်းပစ်ဒုံးကျည်(ICBM)အသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ရာ အဆိုပါဒုံးကျည်က နိုင်ငံရဲ့နျူကလီးယားလက်နက်အင်အားကို ဖော်ပြလိုက်တာဖြစ်ပြီး အမေရိကန်တိုရဲ့စစ်ရေးလှုပ်ရှားမှုမှန်သမျှကို နှောင့်ယှက်ဖျက်ဆီးနိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်'ကင်မ်ဂျုန်အန်'က ကြွားလုံးထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ၂၀၁၇ နောက်ပိုင်း နိုင်ငံရဲ့နျူကလီးယားတပ်ဆင်တိုက်ချင်းပစ်ဒုံးကျည်သစ်ကို ပထမဆုံးအကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုဟာ ကုလလုံခြုံရေးကောင်စီစည်းမျဉ်းတွေကို မခန့်လေးစားချိုးဖောက်ရာကျကြောင်း 'ပေါ်တာ'ကဆက်လက်ပြောကြားလိုက်ပါတယ်။

"ဒီလိုစည်းကမ်းချိုးဖောက်မှုတွေအတွက် မြောက်ကိုရီးယားကိုတာဝန်ခံခိုင်းဖို့ နိုင်ငံအားလုံးကိုတိုက်တွန်းလိုပါတယ်။ မြောက်ကိုရီးယားကိုလည်း အသေအချာလာရောက်ဆွေးနွေးညှိနှိင်းဖို့ တောင်းဆိုလိုက်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။

ကုလလုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့ရုရှားတိုဘယ်လိုသဘောထားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ "ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။ နိုင်ငံအားလုံးစိုးရိမ်ပူပန်နေရပြီး အထူးသဖြင့်မြောက်ကိုရီးယားနဲ့ထိစပ်နေတဲ့နိုင်ငံတွေပါပဲ။ ICBM ဒုံးကျည်ကိုဆက်လက်စမ်းသပ်ဖို့ မြောက်ကိုရီးယားတို့ဆုံးဖြတ်လိုက်ခြင်းက တိုင်းပြည်ရေးတင်းမာမှုတွေမြင့်တက်လာနိုင်ပါတယ်"

၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယားတို ICBM ဒုံးကျည်နောက်ဆုံးစမ်းသပ်ပြုလုပ်ခဲ့စဉ် ကုလလုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့ ခြင်းများပြုလုပ်ခဲ့ရပါတယ်။

အခုယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့တရုတ်တို့ကို အမေရိကန်နဲ့မဟာမိတ်များက ဒဏ်ခတ်ပိတ်ဆို့ မှုများပြုလုပ်ထားတာကြောင့် သတိပေးဖို့ တောင်းဆိုချက်ကို တရုတ်နဲ့ရုရှားတို့ ဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။
Source: Reuters