#WorldPolitics
Published - 19 March 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ တရုတ်သမ္မတ'ရှီကျင့်ဖင်'တို့ သောကြာနေ့က အွန်လိုင်းဗီဒီယိုဖြင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားအား တရုတ်တို့ကထောက်ပံ့ကူညီနေပါက နောက်ဆက်တွဲအကျိုးဆက်တွေ ခံစားရမှာဖြစ်ကြောင်း 'ဘိုင်ဒန်'ကသတိပေးလိုက်ပြီး 'ရှီ'ကလည်း စစ်ပွဲမဖြစ်စေချင်ဘူးလို့ အခိုင်အမာဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လ ရုရှားတို့ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အဆိုပါနိုင်ငံ့ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံးအကြိမ်ဆွေးနွေးပြောဆိုခဲ့တာဖြစ်ပါတယ်။

"ကျူးကျော်မှုကို အရေးယူတုန့်ပြန်ဖို့ဆောင်ရွက်ချက်များကို သမ္မတ'ဘိုင်ဒန်'က ရှင်းရှင်းလင်းလင်းပြောကြားသွားတဲ့အပြင် ရုရှားအားဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်နေခြင်းကိုလည်း ရှင်းပြသွားပါတယ်။ ယူကရိန်းမြို့များနဲ့ နိုင်ငံသားများကို ရက်ရက်စက်စက်တိုက်ခိုက်နေတဲ့ ရုရှားကို တရုတ်တို့ထောက်ပံ့ကူညီနေတယ်ဆိုရင် အကျိုးဆက်တွေခံစားရလိမ့်မယ်လို့ ပြောကြားသွားပါတယ်" လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

 ဆွေးနွေးပွဲဟာ ဝါရှင်တန်စံတော်ချိန်နံနက် ၉ နာရီကျော်မှာစတင်ခဲ့ပြီး ၁၁ နာရီမတိုင်ခင် ပြီးဆုံးခဲ့ပါတယ်။ ယူကရိန်း-ရုရှားအရေးနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်အချို့က သူတို့ရဲ့သဘောထားထောက်ခံမှုကို ထုတ်ဖော်ခဲ့ကြရာ ဒီစစ်ပွဲမှာ တရုတ်တို့ရဲ့ရပ်တည်ချက်နဲ့ နိုင်ငံရဲ့သဘောထားကို 'ဘိုင်ဒန်'အနေနဲ့ သိရှိခွင့်ရခဲ့ပါတယ်လို့သတင်းကဆိုပါတယ်။

ကမ္ဘာအရပ်ရပ်မှ အစိုးရအဖွဲ့တွေရော ပုဂ္ဂလိကအဖွဲ့အစည်းတွေကပါ ရုရှားကို ဘယ်လိုတုန့်ပြန်ကြသလဲဆိုတာကို 'ဘိုင်ဒန်'က ထောက်ပြသွားပါတယ်။ရုရှားကိုထောက်ခံအားပေးတဲ့မည်သူမဆို တန်ဖိုးကြီးကြီးမားမားပေးဆပ်ရလိမ့်မယ်လို့ 'ဘိုင်ဒန်'က 'ရှီ'ကိုပြတ်ပြတ်သားသား ပြောပြလိုက်ပါတယ်။

"ကုမ္ပဏီတွေက သူတို့သဘောနဲ့သူတို့ ရုတ်သိမ်းသွားကြတာပါ။ အခုရုရှားမှာဘာတွေဖြစ်နေပြီလဲ ကြည့်လိုက်ပါ။ ကုမ္ပဏီတွေထွက်ခွာသွားတဲ့အတွက် ရုရှားစီးပွားရေးအခြေအနေဘယ်လိုဖြစ်ပျက်သွားသလဲ။ ဒီပဋိပက္ခမှာ ဘယ်သူ့ဘက်ကရပ်တည်သင့်သလဲဆိုတာ ရုရှားဖြစ်ရပ်ကိုကြည့်ပြီး နမူနာယူရပါမယ်" လို့ ဆွေးနွေးပွဲအပြီးမှာ အိမ်ဖြူတော်စာနယ်ဇင်းရှင်းလင်းပွဲတာဝန်ခံ 'ယန်ဆာကီ'က ပြောပြခဲ့ပါတယ်။

တရုတ်တို့ရဲ့တုန့်ပြန်ဆောင်ရွက်မှုတွေကို အဓိကထားစောင့်ကြည့်သွားမှာဖြစ်ကြောင်း၊ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတွေအနေနဲ့ ဘယ်ဘက်ကရပ်တည်မလဲဆိုတာကို အားလုံးကစောင့်ကြည့်နေကြမှာဖြစ်ကြောင်း 'ဆာကီ'က ပြောကြားသွားပါတယ်။ တရုတ်တို့က ရုရှားအပေါ် အခုအချိန်ထိ ပြစ်တင်ရှုတ်ချတဲ့သဘော မထုတ်ပြန်သေးပါဘူး။
Source: Bloomberg